Pages

Thursday, March 7, 2013

သမ္မတဦးသိန်းစိန်နှင့် ဥရောပသမဂ္ဂ အကြီးအကဲများ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေး

 
ဥရောပငါးနိုင်ငံ ချစ်ကြည်ရေးခရီး သွားရောက်နေသော သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အကြီးအကဲများနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ မတ် ၅ ရက်က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် ဥရောပကော်မရှင် အကြီးအကဲ Jose Manuel Barroso ၊ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ Catherine Ashton ၊ ဥရောပ ပါလီမန်ဥက္ကဋ္ဌ Martin Schulz တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ''ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံ အကြား ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပါပြီ။ တွေ့ဆုံဆွေးနွေးခြင်း၊ အကူအညီ အထောက်အပံ့ ပေးခြင်းနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့မှာ ပိုမိုပြုလုပ်လာမှာ ဖြစ်ပါတယ်'' ဟု ဥရောပကော်မရှင် အကြီးအကဲ Jose Manuel Barroso က ပြောသည်။ 
 
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများကြောင့် အားတက်မိသော်လည်း ဆက်လက်လုပ်ဆောင်စရာများ ကျန်ရှိနေသေး ကြောင်း ဥရောပကော်မရှင် အကြီးအကဲ Jose Manuel Barroso က ပြောသည်။ မြန်မာနိုင်ငံအနေနှင့် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အားပေးထောက်ခံမှု လိုအပ်နေသည်ကို ဥရောပသမဂ္ဂအနေဖြင့် ကောင်းစွာ သတိမူမိပါကြောင်း Jose Manuel Barroso က ဆက်လက်ပြောသည်။ 
 
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ယူရိုသန်း ၁၅၀ နီးပါးအထိ တိုးမြှင့်ခဲ့ပြီး ဥရောပသမဂ္ဂက နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ရရှိရေး ဖြစ်နိုင်ခြေကို လေ့လာဖော်ထုတ်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားသည်။ ထို့ပြင် နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Ashton သည် စက်မှုလုပ်ငန်း မဟာမင်းကြီး Antonio Tajani နှင့်အတူ စီးပွားရေး အကူအညီ အထောက်အပံ့များ ပိုမိုပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ယခုနှစ်တွင် လာရောက်မည်ဖြစ်သည်။ ဥရောပသမဂ္ဂအနေဖြင့် မြန်မာအစိုးရ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်လိုကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပိုမိုအားကောင်းလာစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူ့အဖွဲ့အစည်း နှစ်ခုကြား ပိုမိုနီးကပ်လာစေရေး စသည့် ကဏ္ဍသုံးခုတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီး သတင်းထောက်များအား ပြောသည်။ 
 
သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ပြောကြားသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများအတွက် ချီးမြှင့်သည့် အနေနှင့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် တစ်ဦးချင်း အရေးယူ ပိတ်ဆို့မှုများအား တစ်နှစ်တာ ရပ်ဆိုင်းမှုကို ပြီးခဲ့သည့် ဧပြီလက ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်မှုကို ပိုမိုအားကောင်းလာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ပြီဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေး အစိုးရအနေနှင့် ဆောင်ရွက်နေကြောင်း၊ ကြာရှည်ခံသည့် ငြိမ်းချမ်းရေး ရရှိနေပြီဟု မဆိုနိုင်ကြောင်း၊ အပစ်အခတ်ရပ်စဲခြင်းသာ ရရှိခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်