Pages

Saturday, March 16, 2013

ကျောက်ဖြူ အထူး စက်မူဇုန် ပွင့်လင်းမြင်သာမူ ရှိစေရမည်ဟု အလုပ်သမား ဒုဝန်ကြီးပြော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစက်မူဇုံနှင့် ပတ်သက်ပြီး ပွင့်လင်း မြင်သာမူ ရှိစေရမည်ဟု အလုပ်သမား ဒုဝန်ကြီး ဦးမြှင့်သိန်းက ပြောသည်ဟု သိရသည်။

“အလုပ်သမား ဒုဝန်ကြီး ဦးမြှင့်သိန်းနဲ့ အဖွဲ့က ကျောက်ဖြူကို  စက်မူဇုန်ကိစ္စနဲ့ ပတ်သက်ပြီး ရောက်နေပါ တယ်။ အဲသလို ရောက်နေတဲ့ အချိန်မှာ သူတို့က လူထုတွေနဲ့ တွေ့ပါတယ်။ တွေ့တဲ့ အခါ သူက ဒီစက်မူဇုန်ကို ပွင့်လင်း မြင်သာမူ အပြည့်နဲ့ တည်ဆောက်သွားမယ်လို့ ပြောပါတယ်” ဟု အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးသန္တာမောင်က ပြောသည်။

အလုပ်သမား ဒုဝန်ကြီးနှင့် အတူ ရခိုင်သဟာယ အသင်းမှ လူကြီးများ၊ တခြား စီးပွားရေး လုပ်ငန်းရှင်များ အတူ လိုက်လာပြီး ကျောက်ဖြူမြို့နယ်တွင် လူထု တွေ့ဆုံပွဲများ ပြုလုပ်စဉ် ထိုသို့ ပြောဆိုကြောင်း သိရ သည်။

“သူတို့က လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ဒီကိုရောက်ပါတယ်။ ရောက်နေတာ သုံးရက်လောက် ရှိနေပါပြီ။ မဒေးကျွန်းတို့၊ ဂုံးရှိန်တို့ကို သွားရောက်ပြီး လူထုတွေနဲ့ တွေ့ဆုံပါတယ်။ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှာလို လူထု သဘောထား မပါဘဲ ကျောက်ဖြူ စက်မူဇုန်ကို တည်ဆောက်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ဦးသန္တာမောင်က ဆိုသည်။

ကျောက်ဖြူ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် လူထု သဘောထားများ ရယူခြင်း မရှိဘဲ အာဏာပိုင်များက တဘက်သတ် ဆောင်ရွက်နေသဖြင့် ဒေသခံ ပြည်သူများ၏ လယ်ယာမြေများ၊ ဥယျာဉ် ခြံမြေများ ဆုံးရှုံးမူနှင့် အတူ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ ရှိနေသဖြင့် လူထု အကြားတွင် အထူး မကျေနပ်မူများ ပေါ်ပေါက်လျှက် ရှိကြောင်း သိရသည်။

ယခု ရောက်ရှိနေသော အလုပ်သမား ဒုဝန်ကြီးနှင့် အဖွဲ့သည်ကျောက်ဖြူ စက်မူ ဇုံစီမံကိန်းနှင့် ပတ်သက်ပြီး ကြီးကြပ်ရေး အဖွဲ့ (Monitoring) များကိုလည်း ဖွဲ့စည်းနေပြီး ဒေသ အတွင်းရှိ ပညာရေး၊ လူမူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မည့် အရေး၊ လျှပ်စစ် ဓါတ်အား အလုံအလောက် ရရှိရေး ကိစ္စများကို  ဆွေးနွေးနေကြောင်း သိရသည်။

“ထူးခြားတာက နိုင်ငံ တကာက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေလည်း ပါလာတာကို တွေ့ရပါတယ်။ ဗြိတိန်က တစ်ဦး၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားက တစ်ဦးလည်း ပါလာပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး လူထုတွေနဲ့ စကားပြော ဆွေးနွေးတာတို့ကို တွေ့ရပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း အစိုးရမှ နိုင်ငံခြား တိုင်းပြည်များနှင့် ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများမှာ ဒေသခံ ရခိုင်ပြည်သူများ အတွက် တစ်စုံတစ်ရာ အကျိုး မရှိသဖြင့် အစိုးရ၏ စီမံကိန်းများ အပေါ် လူထုက အထူး စိတ်ပျက်နေပြီး မယုံကြည်မူများလည်း ရှိနေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး  ဦးဦးလှစောက ”ရခိုင်ပြည်သူများမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ အကျိုးအမြတ် တစ်စုံတစ်ရာ ခံစားရဖို့ နေနေသာသာ အရိုးအရင်းကိုတောင် မကိုက်ရ ပါကြောင်း”  နိရဉ္စရာသို့ အင်တာဗျူး တစ်ခုတွင် ပြောဆိုခဲ့ဖူးသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်