Pages

Saturday, February 2, 2013

သမ္မတကြီး ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဆန်းဆင့် တို့လူထု ထောက်ခံမှု ပိုမို ရရှိနေ

 

 
စစ်ယူနီဖောင်းချွတ်ပြီး တိုက်ပုံပြောင်းဝတ်ထားတဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းတွေကို အများပြည်သူက ချစ်ခင်လေးစားမှု မပြ ခဲ့ ကြ ပါဘူး။ အခုတော့ တချို့ ဗိုလ်ချုပ်ဟောင်းတွေကို ပြည်သူအများအပြားက ချစ်နေကြပါပြီ။ မနှစ်က သမ္မတဦးသိန်းစိန် ထောက်ခံဆန္ဒပြပွဲတွေကို တွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာတော့ ပြည်သူ့ထောက်ခံမှု ရနေသူကတော့ ဦးဆန်းဆင့် ဖြစ်ပါတယ်။ သူက ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ်ကနေ ဗဟိုအစိုးရအဖွဲ့ရဲ့ သာသနာရေးဝန်ကြီး ဖြစ်သွားသူပါ။

သူ့ကို လစ်လပ်နေတဲ့သာသနာရေးဝန်ကြီးရာထူး ပေးအပ်မှုကို နေပြည်တော်လွှတ်တော်က ကြာသပတေးနေ့မှာ အတည်ပြု လိုက်ပါတယ်။ နောက်တနေ့မှာတော့ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ဒေသခံ တထောင်ဝန်းကျင်က လမ်းပေါ်ထွက် ဆန္ဒပြ ကြပါတော့တယ်။ လယ်သမားနဲ့ ရေလုပ်သား ၁,၀၀၀ ကျော်က ပန်းတနော်မြို့ မြို့အ၀င် ဘောလုံးကွင်းထဲမှာ မနက် ၁၀ နာရီခွဲကနေ နေ့လည် ၁၂ နာရီလောက်အထိ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒေသခံတွေက

- ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့် ဧရာဝတီတိုင်းမှ မပြောင်းရွှေ့ရေး - ဒို့အရေး

- ပြည်သူချစ်သော လွှတ်တော်ဥက္ကဋ္ဌ နေရာမပြောင်းရွှေ့ရေး

-သမ္မတကြီးကဲ့သို့ ပြည်သူ့အကျိုးစီးပွားကို ကြည့်သော လွှတ်တော်ဥက္ကဋ္ဌအား ဧရာဝတီတိုင်း ပြည်သူတို့အကျိုးကို ဆက်လက် ဆောင်ရွက်ခွင့်ပေးပါ

စသဖြင့် ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ ဘောလုံးကွင်းထဲမှာပဲ လှည့်လည် ကြပါတယ်။ ဆန္ဒဖော်ထုတ်ခွင့်အတွက် လျှောက်လွှာတင်ခဲ့ပေမယ့် ခွင့်ပြုချက်မကျခင် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။သူတို့ထဲက တယောက်ဖြစ်တဲ့ ပန်းတနော်မြို့သူ ဒေါ်နန့်နီလာအောင် က အခုလို ပြောပြပါတယ် - “ဦးဆန်းဆင့်ကို သူတို့က သာသနာရေးကို ပြောင်းဖို့ကို အမိုးတို့ပြည်သူတွေက လက်မခံနိုင်ဘူး။ ပြည်သူတွေဆိုတာ တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေ၊ ဆင်းရဲသား လက်လုပ်လက်စားတွေပေါ့”
သူ့ကို ဘာကြောင့် မပြောင်းစေချင်တာလဲ။ ဒေါ်နန့်နီလာအောင်က အခုလို ရှင်းပြပါတယ် -

“ဦးဆန်းဆင့်က အခြေခံလူတန်းစား ပြည်သူတွေဘက်က ရပ်တည်လုပ်ကိုင် ဆောင်ရွက်ပေးနေတော့ သူပြောင်းရင် အမိုးတို့ ခေါင်းမဖော်ရဲတော့ဘူး။ ဒီကလူတွေက သူ့ကိုပဲ အားကိုးအားထားပြုနေရတာ။ ဒါကြောင့် ဒီနေရာကနေ မပြောင်းစေချင်ဘူး”

ဦးဆန်းဆင့် မပြောင်းရွှေ့ရေးအတွက် သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ရေကြည်မြို့အပြင် ပုသိမ်၊ ငပုတော၊ ကျုံပျော်စတဲ့မြို့တွေက ပြည်သူတွေလည်း ဆန္ဒပြဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီမြို့နယ်တွေက ပြည်သူ ၇,၀၀၀ ကျော်က သူ့ကို တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်ပဲ ဆက်လက် တာဝန်ယူစေလိုကြောင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါသေးတယ် ဦး ဆန်းဆင့်က စစ်အစိုးရလက်ထက် ထိပ်တန်းဗိုလ်ချုပ်ကြီးတယောက် ဖြစ်ခဲ့ပေမယ့် ထင်ပေါ်ကျော်ကြားသူတော့ မဟုတ်ခဲ့ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဧရာဝတီလွှတ်တော်ဥက္ကဋ္ဌဖြစ်လာမှ သူ့အမည်ကို မီဒီယာတွေမှာ ပိုမို တွေ့လာရတာပါ။သူက ဧရာဝတီတိုင်းဒေသကြီးရဲ့ ကြံ့ခိုင်ရေးပါတီ နာယကလည်း ဖြစ်ပါတယ်။

သန့်စင်ငြိမ်းချမ်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်