Pages

Friday, February 8, 2013

မြန်မာပြည်သူတို့ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေး ကမ္ဘာ့ဘဏ် ကူညီမည်


မြန်မာနိုင်ငံ ပြည်သူလူထု လိုအပ်နေသော လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန် အတွက် ကမ္ဘာ့ဘဏ် လုပ်ငန်းစုက ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ၅-၂-၂၀၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ချယ်ထရီယမ် ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ်လုပ်ငန်းစု သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ JIN-YOUNG CAI က အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် လူမှုစီးပွား ဖော်ဆောင်ရေး ကဏ္ဍအတွက် အလွန်အရေးကြီးပါတယ်။ လျှပ်စစ်ဓာတ်အားကို ပြည်သူ အားလုံးအတွက် ဖြန့်ဖြူးပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အကြီးစား စီမံကိန်းတွေ အကောင်အ ထည် ဖော်တဲ့ နေရာမှာ လိုအပ်တဲ့ မတည်ငွေတွေ အတွက် IFC  ကအစိုးရနဲ့ လက်တွဲ လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်” ဟု ယင်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လုံေ လာ က်မှု မရှိသော လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးသည် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ နှစ်ရပ်လုံးမှ အကြီးစား ထောက်ပံ့မှုများ လိုအပ်ကြောင်း ယင်းကဆိုသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ပိုမို သုံးစွဲနိုင်ရေးအတွက် ကူညီမည့် သဘောတူညီချက်ကို ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ နှင့် CEO JIN-YOUNG CAI ၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ AXEL VAN TROTSENBERG, IFC ၏ အာရှပစိဖိတ် ဒုတိယဥက္ကဋ္ဌ KARIN FINKELSTON တို့နှင့်အတူ MIGA ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ MICHEL WORMSER တို့၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ချမှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ အစိုးရဝန်ကြီးများအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အဖွဲ့ဝင်များ၊ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ၊ မြို့ပြလူမှုအဖွဲ့အစည်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြကာ ဆင်းရဲချို့တဲ့သော လူတန်းစားဘဝများကို မြှင့်တင်၍ ပြုပြင်ပြောင်းလဲရေးများအား ပံ့ပိုးကူညီပေးမည့် အကြောင်းကို အဓိက ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ၊ ကျန်းမာရေး ဆေးပေးခန်းများနှင့် လမ်းများ အပါအဝင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ချပေးခဲ့ပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းများ အောင်မြင်စေရေး အတွက် မြန်မာငြိမ်းချမ်းရေး စင်တာကို လည်း ကူညီပေးမည့်အပြင် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အတိုးနှုန်း လုံးဝမပါသော မတည်ငွေ အမေရိကန် ဒေါ်လာ ၁၆၅ သန်းကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂  ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်