Pages

Saturday, March 9, 2013

လူ့ အခွင့်အရေး အပြည့် အ၀ ရရှိနေသည့် မြန်မာ့ အသိုင်းအဝိုင်းတွင် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ အမျိုးသမီးများအား လည်း ခွဲခြား ဆက်ဆံမှုမရှိ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်း အသီးသီးတွင် အမျိုးသမီးများ ပါဝင်မှု ၃ဝ ရာခိုင်နှုန်းထိ ပါဝင်လာရေးအတွက် မူဝါဒချမှတ် ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ မေးမြန်းရာ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ရှင်းလင်း ဖြေကြားရာတွင် ယနေ့ ၂၁ရာစုတွင် အမျိုးသမီး များသည် အမျိုးသားများနှင့် ဒိုးတူပေါင်ဖက် နယ်ပယ်အသီးသီးတွင် ဝင်ရောက် လုပ်ကိုင်နေ ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြား ကမ္ဘာ့နိုင်ငံများနည်းတူ အမျိုးသမီးများ ပါဝင်ဆောင် ရွက် နေ ကြပါကြောင်း၊ မြန်မာ့အသိုင်းအဝိုင်းတွင် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ အမျိုးသမီးများအား ခွဲခြား ဆက်ဆံနေမှု များသည် မရှိသလောက်ဖြစ်ပြီး အခြားအာရှနိုင်ငံ များနှင့် နှိုင်း ယှဉ်ပါက သာလွန်ကောင်းမွန် သည်ကို အမှန်တွေ့မြင်နေရ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားပြည်တွင်း ဥပဒေများတွင်ပါ ကျား၊မ ခွဲခြားခြင်းမရှိဘဲ တန်းတူရည်တူ နေရာပေးဆောင်ရွက်နိုင် ရန် ပြဋ္ဌာန်းထား ပါကြောင်း။ 
 
အိမ်နီးချင်းနိုင်ငံများထက် ပိုမိုလွတ်လပ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံ့တာဝန် ထမ်းဆောင်ခြင်းနှင့် အခြားကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခဲ့သော မြန်မာ အမျိုးသမီးများကို ခေတ်အဆက်ဆက် မြင်တွေ့နိုင်ပါကြောင်း။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အနေဖြင့် နိုင်ငံတကာ အမျိုးသမီး အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်များ ကို ရှေ့တန်းမှ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ၁၉၅၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးများ နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ် အပါအဝင် နိုင်ငံတကာ စာချုပ်များ ကို လေးစား လိုက်နာခဲ့ပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကွန်ဗင်းရှင်း (CEDAW) ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပီကင်းလုပ်ငန်းစဉ် သဘောတူညီချက် ကဲ့သို့သော နိုင်ငံတကာ သဘောတူညီချက်များ ကိုလည်း ပါဝင်သဘောတူညီခဲ့ပါကြောင်း၊ မူဝါဒများကိုလည်း အခါအားလျော်စွာ ချမှတ်ပေးခဲ့ပါကြောင်း။ မိမိတို့ မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းများတွင် ကျား၊ မ ပါဝင်မှုစနစ် (Sex Quota System) သတ်မှတ်ကျင့်သုံးမှု မပြုပါကြောင်း၊ ထိုမှသာ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူတို့ လိုလားယုံကြည် အားကိုးသည့် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးချယ်တင်မြှောက် ကြနိုင် မည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီကျင့်စဉ် အရ ပြည်သူများ၏ ကိုယ်စားလှယ် ဖြစ်ရန်အတွက် ပထမဦးစွာ မိမိပါတီ၏ ယုံကြည်ကိုးစားခံရသူဖြစ်ပါမှ ပါတီက မိမိကို ကိုယ်စားလှယ်အဖြစ် ရွေးချယ် သတ်မှတ်ပေး မည် ဖြစ်ပါကြောင်း၊ မိမိပါတီက ရွေးချယ် သတ်မှတ်ပြီးမှ သက်ဆိုင်ရာ နယ်မြေ၏ ရွေးချယ် တင်မြှောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲနှင့် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရ မည် ဖြစ်ပါကြောင်း၊ ပြည်သူ များကလည်း ၄င်းတို့ ယုံကြည်ကိုးစားမှသာ မိမိကို ပြည်သူ့ကိုယ်စား လှယ်အဖြစ် ရွေးချယ် မည် ဖြစ်ပါကြောင်း ၊ ဘယ်အမျိုးသား၊ ဘယ်အမျိုးသမီးကို ရွေးချယ်ပါဟု သတ်မှတ်ပေး၍ မရပါကြောင်း။ အာရှနိုင်ငံအများစုတွင်လည်း Quota စနစ်ဖြင့် ပြဋ္ဌာန်းထားသည်ကို မတွေ့ရပါကြောင်း၊ ထိုင်းနိုင်ငံ၌ ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃ဝ တွင် နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးများအား ပါဝင်ခွင့် ပိုမိုပေးရန်မှာ ပထမခြေလှမ်း ဖြစ်သည်ဟု ဖော်ပြထား ပါကြောင်း၊ မြန်မာနိုင်ငံ တွင်မူ အမျိုးသား၊ အမျိုးသမီးများအား တန်းတူအခွင့်အရေးကို အခြေခံဥပဒေအပြင်၊ ရိုးရာဓလေ့၊ ထုံးတမ်းများအရပါ တန်းတူ အခွင့်အရေးများ ရရှိထားပြီး ဖြစ်ပါကြောင်း၊ မည်သူမဆို တိုးတက်ထူးချွန် သည့် နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားခြင်းဖြင့် အုပ်ချုပ်ရေး နယ်ပယ်နှင့် တရားစီရင်ရေး နယ်ပယ်တို့တွင် ဌာနဆိုင်ရာ အကြီးအကဲရာထူး ရရှိရန်မှာ ပုဂ္ဂိုလ်တစ်ဦးချင်း၏ ထူးချွန်မှုအလိုက် အရည်အချင်း၊ အရည်အသွေးအလိုက် နေရာရရှိမည်ဖြစ်ပြီး၊ ဥပဒေပြုရေး နယ်ပယ်အတွက်မူ မည်သည့် အမျိုးသမီး၊ အမျိုးသားများမဟူ ပြည်သူများ၏ ယုံကြည်မှုရရှိမှသာ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်နိုင် မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် သက်ဆိုင်ရာ ပါတီနှင့် ဒေသခံလူထု၏ မဲဆန္ဒရအောင် ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန်သာ လိုရင်းဖြစ်သဖြင့် ပါတီနှင့် ဒေသခံမဲဆန္ဒရှင်များ က သဘောကျလျှင်လည်း ယခုတင်ပြသည့် ၃ဝ ရာခိုင်နှုန်းထက် ကျော်လွန်သွားနိုင်ပါကြောင်း။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၂ တွင်လည်း မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ် ခန့်ထားခြင်းကို ခွဲခြားမှုမပြုရဟု ပြဋ္ဌာန်းထားပါ ကြောင်း၊ ထို့အပြင် ဒီမိုကရေစီ ကျင့်စဉ်အရ အရည်အချင်းနှင့် အရည်အသွေးပိုင်းတွင် ယှဉ်ပြိုင်အရွေးခံရမည် ဖြစ်သည့်အတွက် ရာခိုင်နှုန်းအနေဖြင့် သတ်မှတ်ပေးရန် မဖြစ်နိုင်ပါကြောင်း ဖြေကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်