Pages

Sunday, March 10, 2013

တစ်ပင်လုံး အသုံးဝင်သော သစ်မွှေး


ကျွန်တော် မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း (Myanmar Agarwood Entrepreneurs Association) ညီလာခံကို ယခုနှစ် ဇန်နဝါရီလ ၂ဝ၊ ၂၁ ရက် UMFCCI  ခန်းမတွင် တက်ရောက် လေ့လာခွင့် ရခဲ့ပါသည်။ အဲဒီမှာ သစ်မွှေး စိုက်ပျိုးသူများ၊ စီးပွားရေး ပညာရှင်များ၊ စိုက်ပျိုးလေ့လာ လိုသူများက သစ်မွှေးပင်ရဲ့ အသုံးဝင်ပုံ၊ စိုက်ပျိုးပြီး ဆေးသွင်း မှုနည်းစနစ်နဲ့  ကုန်ကျစရိတ် တန်ဖိုး၊ သစ်မွှေး အဆီကို ဘယ်လိုမျိုး ထုတ်လုပ် ရောင်းချမလဲ သို့မဟုတ် သစ်မွှေး အဆီကို ဘယ်လိုစနစ်နဲ့ ရောင်းချမလဲ၊တစ်ပင်ကို ဆေးထိုးပြီး အဆီ ဘယ်လောက် ထွက်မလဲ၊ ထွက်ပြီးသား သစ်မွှေး အဆီကို ဝယ်လက် အနေဖြင့် ဘယ်လို ရှာဖွေမလဲ ဆိုတဲ့ မေးခွန်းလေးတွေ တွေ့ရပါတယ်။ ကျွန်တော်လေ့လာ မိသလောက် အသိ ပညာနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ကီနမ်(စ်) ကုမ္ပဏီမှ သစ်မွှေး အဆီနှင့် ဆေးထိုး ပညာရှင်  ကိုသန်းထွန်းနှင့် ယခုလို ဒုတိယ တစ်ဖန်ထပ်မံ တွေ့ဆုံမေးမြန်း ခဲ့ပါသည်။ 

မေး။ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် သစ်မွှေးအဆီ ထုတ်လုပ်ခြင်းနဲ့ အကျိုးအမြတ် ရလဒ် လေးကို တစ်စိတ်လောက် ရှင်းပြပေးပါ။

ဖြေ။ ဟုတ်ကဲ့ ပထမဦးဆုံး အနေနဲ့ သစ်မွှေးအဆီ ထုတ်လုပ်ခြင်းနဲ့ အဆီခဲ ထုတ်လုပ်ခြင်း တန်ဖိုးကို သိကောင်းစရာ အဖြစ် အရင် ရှင်းပြပါမယ်။ ပထမ ဦးဆုံး အနေနဲ့ သစ်မွှေး အဆီ ထုတ်လုပ်ခြင်း ရှင်းပြပါမယ်။ သစ်မွှေးဆီ ထုတ်လုပ်ရာမှာ သစ်မွှေးပင်ကို သစ်မွှေးဆီ အဖြစ် လှုံ့ဆော် ပေးနိုင်တဲ့ ဆေးရဲ့ စွမ်းအားက အဓိက ကျပါတယ်။ သစ်မွှေးဆီ ထုတ်ယူဖို့ အတွက် ပင်စည်ကိုသာ အသုံး ချရတာ ဖြစ်ပါတယ်။ သစ်ပင်ကို ဖြတ်တောက် ပြီးတာနဲ့ အစိုကို အလေးချိန်နဲ့ ဝယ်ယူ ရပါမယ်။ သစ်ပင် အစိုကို ဝယ်ယူပြီး အခြောက် လှန်း အမှုန့်ကြိတ် အဆီ ထုတ်ဖို့ အသင့်ဖြစ်တဲ့ အချိန်မှာ ၅၅ ရာခိုင်နှုန်း အထိ လျော့ကျ သွားပါတယ်။ ဥပမာ (၁ဝဝ) ကီလိုဂရမ် ဆိုရင် (၄၅)ကီလို ဂရမ်မျှသာ ရှိတော့မှာပါ။ လှုံ့ဆော်မှု ဆေးစွမ်းနဲ့  အကောင်းဆုံး ဖြစ်နေတဲ့သစ် (၁ ကီလိုဂရမ်) ဆိုရင် သစ်မွှေးဆီ ဗဗ အဆင့်၂ စီစီ ထုတ်ယူ ရရှိပါတယ်။ (၁၅) ကီလိုဂရမ်ဆံ့  ပေါင်းအိုး (၁၄၅) ကီလို ဂရမ်တစ်လုံး ဆိုရင် တစ်ကြိမ်မှာ (၁၅) ကီလိုဂရမ်နဲ့ (၁) ကြိမ်၊ တစ်လလျှင် (၃) ကြိမ် ချက်နိုင်ပါတယ်။ (၁)ကြိမ်ချက်ရင် (၁ဝ)ရက်ကြာ ချက်ရပါတယ်။ (၁၅) ကီလိုဂရမ် အဆီထုတ် ပေါင်းအိုး တစ်လုံးမှာ (၁) ကြိမ်လျှင် သစ်မွှေးဆီ ၃ဝ စီစီ ထုတ်ယူနိုင်ပြီး (၁) လလျှင် ၉ဝ စီစီ ရှိနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ၇ ဒသမ ၂ တော်လ ဖြစ်ပါတယ်။ အကောင်းစား သစ်မွှေးဆီ AA အဆင့် ၁ စီစီသည် ထိုင်းဘတ်ငွေ ၃ဝဝ  ဘတ်တန်ဖိုး ရှိပါတယ်။ တစ်တော်လလျှင် ၄၃၅ဝ မှ ၄၅ဝဝ-၅ဝဝဝ ဘတ်ငွေဖြင့် ရောင်းချ နိုင်ပါ တယ်။ ပေါင်းအိုးတစ်လုံး ထုတ်လုပ်မှု အားသည် ၇ ဒသမ ၂ တော်လ ရရှိမှု ဘတ်ငွေ တန်ဖိုးသည် ၃၇၅ဝ ဘတ် ဖြစ်ပါတယ်။ သစ်မွှေးဆီ ချက်လုပ်ရန် သစ်မွှေးပင်စို (၁) ကီလိုဂရမ် လျှင်ဘတ်ငွေ ၁ဝဝ  ဘတ်နဲ့ အိုးတစ်လုံး အတွက် တစ်လစာကို ၁ဝဝ ကီလိုဂရမ် အသုံးပြုရပြီး ကျသင့်ငွေမှာ ဘတ်ငွေ ၁ဝဝဝဝဝ ဖြစ်ပါတယ်။ တစ်လ အိုးတစ်လုံး ထွက်ရှိမှု ပမာဏသည် ၁ဝဝ စီစီ ပျမ်းမျှအားဖြင့် ၈ တော်လ ရရှိမည် ဖြစ်ပါတယ်။ အဆီ ၁ စီစီ သည် ထိုင်းဘတ်ငွေ ၃ဝဝ တန်ဖိုးရှိပြီး ၁ တော်လလျှင် ၁၂ ဒသမ ၅ စီစီ ရှိတာကြောင့် ၃၇၅ဝ ဘတ် ရရှိမည် ဖြစ်ပါတယ်။ (၁) လစာ အထိ ချက်အိုး (၁)လုံး သည် ၈ တော်လခန့် ထုတ်လုပ်နိုင်လျှင်၊  ဘတ်ငွေတန်ဖိုး ၃ဝဝဝဝ ရရှိမည် ဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့ ဒုတိယ အနေနဲ့ သစ်စေး (ဝါ) သစ်မွှေး အဆီခဲ ထုတ်လုပ်ခြင်းကို ရှင်းပြ ပေးပါဦး ခင်ဗျာ၊

ဖြေ။ သစ်မွှေးအဆီ ထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီး ထပ်မံ ရှင်းပြပါမယ်။ မြန်မာ နိုင်ငံက ထွက်တဲ့ မြစ်ကြီးနား မျိုးရင်း (မာလာဆန်းစစ်)ဟာ အမွှေးရနံ့ အလွန်ကောင်းပြီး သစ်စေး  ဖြစ်တည်မှု အားကောင်းပါတယ်။ သစ်စေးတုံး အဆီခဲ ထုတ်ယူရာမှာ အကောင်းဆုံး ဖြစ်ပြီး ဈေးကွက် ကောင်းရတဲ့ အပြင် လူကြိုက်လည်း အလွန်များတဲ့ အတွက် ရေပန်းစားလျက် ရှိပါ တယ်။ သစ်စေးတုံး ထုတ်လုပ်မှု မှာလည်း ၆ နှစ်အရွယ် သစ်မွှေးပင် တစ်ပင်လျှင် သစ်စေး သစ်မွှေးခေါက် ၃ ကီလိုဂရမ် မှ ၅ ကီလိုဂရမ်ထိ ရနိုင်ပါ တယ်။ သစ်မွှေး လှုံ့ဆော်ဆေး ထိုးသွင်းပြီး လပေါင်းများစွာ ထားခြင်း (ဝါ) ဆေးထိုးပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာထား အဆီ ကျစ်လျစ်မှုအား ကောင်းလေဖြစ်ပြီး အရောင် အသွေးများလည်း ပြောင်းလဲ ကွာခြားခြင်း ကို တွေ့ရှိရမယ်။ လှုံ့ဆော်ဆေး သွင်းပြီး ဖြတ်ယူတဲ့ နေ့အထိ သစ်မွှေးတုံးရဲ့ သမိုင်းကြောင်း ရက်စွဲများကို အချောထည် ပေါ် မှာ ဖော်ပြရေးထိုး ပေးထားခြင်း ဖြင့်လည်း  သစ်ရဲ့ဂုဏ်ကို ပေါ်လွင် စေပါတယ်။ အရည်အသွေး ကောင်းတဲ့ လှုံ့ဆော်ဆေးကို အသုံးပြုပြီး တစ်နှစ် ပတ်လည် ထားပြီးမှ ခုတ်ယူရ တဲ့ သစ်မွှေးပင်က အဆီခဲက ၁ ကီလို ဂရမ်မှာ ၃ဝဝဝ သို့မဟုတ် ၅ဝဝဝဘတ် (အရည်အသွေး ပေါ်မူတည်ပြီး) ၁ဝဝဝဝဝ ဘတ်အောက်မှာ ရှိပါတယ်။ ဂရမ်ပေါ် မူတည်ပြီး အမြင့်ဆုံး ဘတ်ငွေမှာ ၁ဝဝဝဝဝ အထိ တန်ဖိုးရှိကြောင်း သိရပါတယ်။

မေး။ သစ်မွှေးဆေး ထိုးရာမှာ ASS နည်းနဲ့ ဆေးထိုးတယ်လို့ သိရပါတယ်။ အဲဒါလေးကော သိခွင့် ရှိမလား။

ဖြေ။ အပင်၊ အသီးတို့က ရတဲ့ ဇီဝအက်ဆစ် (organic acid) ပါဝင်သည့် ဆေးရည်ဟာ  သစ်မွှေးပင် အတွင်းသား ကလပ်စည်း (cell) များက စုပ်ယူမှု အားကောင်းရန် လှုံ့ဆော် ပါတယ်။ ဆေးသွင်းတဲ့ အပေါက်နေရာ တစ်ဝိုက်သာ မက ပင်စည် အကိုင်းအခက် အမြစ်ပါ မကျန် အနှစ်အဆီ တည်နိုင်အောင် စုပ်ယူတဲ့ အပြင် ဆေးသွင်းပြီး  (၁ဝ) လမှ သုံးနှစ်အတွင်း သစ်မွှေး အဆီအဆင့် A-B ကို တစ်ပင်မှာ ပျမ်းမျှ ၃ ကီလိုမှ ၁ဝ ကီလိုအထိ ထုပ်ယူနိုင် ပါတယ်။ သစ်မွှေးအဆီ အရည် အသွေးဟာ အနှစ် စုဆောင်းလို့ ကြာတဲ့ အချိန် ကာလနှင့် အပင်အား အစိုဓာတ် ဖြည့်စွက် အစာကျွေး ပြုစုမှု အပေါ် မူတည်ကွဲပြား ခြားနားမှု ရှိပါတယ်။

မေး။ တစ်ဆက်တည်း သစ်မွှေး တစ်ပင်လုံး အသုံး ဝင်ပုံလေး ရှင်းပြပေးပါ။

ဖြေ။ သစ်မွှေးပင် အသုံး ဝင်တာကို နိုင်ငံတော်တော် များများက သိကြပါတယ်။ သစ်မွှေး ပန်းခြောက်၊ သီးခြောက်၊ အရွက်တို့ကို လက်ဖက်ခြောက် အနေနဲ့ ဆေးဝါး ဖော်စပ်ပြီး၊ သစ်မွှေး အဆီကိုတော့ ခေါင်းကိုက်၊ မူးဝေ၊ ဝက်ရူးပြန်၊ အကြော၊ ကြွက်သား နာကျင်မှု၊ နှလုံးရောဂါ၊ အစာအိမ် ရောဂါ၊ ကင်ဆာ အမျိုးမျိုးတို့ အတွက် ဆေးဝါး ဖော်စပ်ပြီး၊ HIV / AIDS ရောဂါများ အတွက် ဆေးသိပ္ပံ ပညာရှင် များက လေ့လာဆန်းစစ် ကုသလျက် ရှိတယ် လို့သိရပါတယ်။ အဆီထုတ်ပြီး သစ်သားကိုတော့ ပန်းပု ပညာရှင် များက ရုပ်ပုံ အမျိုးမျိုး ထုလုပ်ပြီး၊ အမွေးအမှင် ကိုတော့ လွယ်အိတ်၊ ကြိုး၊ အဝတ်အထည်၊ စက္ကူ စသည်ဖြင့်၊ သစ်မှုန့်တွေ ကိုတော့ အမွှေးတိုင်၊ ခြင်ဆေးခွေ အမျိုးမျိုး ထုတ်လုပ်တာ ကို တွေ့ရပါတယ်။

မေး။ နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံက ကျင်းပ ပြုလုပ်တဲ့ သစ်မွှေး လုပ်ငန်းရှင်များ အသင်း ညီလာခံ အစည်း အဝေးနှင့် ရွေးချယ်ပွဲနဲ့ မြန်မာ ရွှေသစ်မွှေး ကုမ္ပဏီက တရုတ် တိုင်းရင်းဆေး နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ (Agarwood Tea) ပန်း၊ အသီး၊ အရွက် သုံးမျိုးကို (3 in 1) ဆိုပြီး လက်ဖက်ခြောက် ပုံသဏ္ဌာန် ဆေးထုပ် ပါကင်ဘူး လေးတွေ တွေ့ရပါတယ်။ အစ်ကို့ အမြင်လေး ပြောပြပေးပါ။

ဖြေ။ မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း (Myanmar Agarwood Entrepreneurs Association) ညီလာခံ အစည်း အဝေးနဲ့ ရွေးကောက်ပွဲ ကတော့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်က ပညာရှင် များရဲ့ အတွေ့အကြုံ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိုက်ပျိုးပြီးသား ခြံပိုင်ရှင် တွေရဲ့ အတွေ့အကြုံ တွေကို နည်းပညာ သိခွင့်ရတာ၊ အတွေ့အကြုံ ဖလှယ်ခွင့် ရတာ ကျွန်တော့်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ဆုလာဘ် တစ်ခုပါ။ ယခုလို မိဘ ပြည်သူများ ရဲ့ကျန်းမာရေးကို ရှေးရှုပြီး ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး ပေး တာ ကောင်းတဲ့ အလုပ်ပါ၊ ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝပါတယ်။ ညီလာခံနဲ့ ဆေးဝါး ထုတ်လုပ်မှု အတွက် ကတော့ နောက်နှစ်တွေ မှာလည်း ကျင်းပပြုလုပ် သင့်သလို ဆေးဝါးများ ကိုလည်း ကိုယ့်ပြည်တွင်းက ထုတ်လုပ်နိုင်တော့ မိဘ ပြည်သူများလည်း အဖိုးနှုန်း သက်သာစွာနဲ့ ဝယ်ယူ နိုင်တာပေါ့။ လိုအပ်တဲ့ အကူအညီ များရှိရင်လည်း ဆက်သွယ်ပြီး တောင်းယူ နိုင်ပါတယ်။ ကျွန်တော်လည်း မြန်မာပြည်က မွေးတဲ့ မြန်မာလူမျိုး ဖြစ်တဲ့ အတွက်ကြောင့် အကူအညီ ပေးဖို့ အဆင်သင့်ပါပဲ။

မေး။ ယခုလို မြန်မာပြည်သူ ပြည်သားတွေ အတွက် အသေးစိတ် ရှင်းလင်း ပြောပြပေးတဲ့ အတွက် အထူးကျေးဇူး တင်ပါတယ်။

ဖြေ။ အခုလို ဝေးကွာနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ရှင်းပြခွင့် ရတဲ့အတွက် အတိုင်း မသိ ဝမ်းသာမိ ပါတယ်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်