Pages

Friday, February 1, 2013

ကေအိုင်အေ စတင် မတိုက်ဘဲ စစ်တပ်က ပြန်တိုက်ရန် မရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား



မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် အပြန်အလှန် ပစ်ခတ်နေကြသော KIA နှင့် အစိုးရစစ်တပ်တို့ အကြား ယခုရက်ပိုင်းတွင် လိုင်ဇာဒေသဝန်းကျင်၌ ငြိမ်သက်နေကြောင်း၊ KIA ဘက်မှ စတင်တိုက်ခိုက်မှု မပြုပါက အစိုးရစစ်တပ်ဘက်မှလည်း တိုက်ခိုက်ရန် မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။ “ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ ကျွန်တော်တို့ကို စပြီးတော့ လာမတိုက်ရင်တော့ ကျွန်တော်တို့ဘက်က ပြန်လည်တိုက်ခိုက်ဖို့ မရှိပါဘူး။ သူတို့ဘက်က လက် နက်ကြီး ပစ်တာတွေ လျော့သွားတဲ့အတွက် အခုဆိုရင် တော်တော်ကြီးကို အဲဒီဒေသမှာ ငြိမ် သက်နေတာ တွေ့ရပါတယ်ခင်ဗျ” ဟု ယင်းက ဆိုသည်။ 

ကချင်လွတ်လပ်ရေး တပ်မတော် KIA အတွက် မဟာဗျူဟာ ကျသော ခါရာတောင်ကုန်းမှာ ယခုအခါ သိမ်းပိုက်ခံလိုက်ရပြီ ဖြစ်ကြောင်း၊ ယင်းတောင်ကုန်းသည် လိုင်ဇာ ဌာနချုပ်အနီး အမြင့်ဆုံးတောင်ဖြစ်ပြီး အစိုးရစစ်တပ်ဘက်မှ ၁၂၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်၍ မြေပြင်ထိုးစစ်ဆင်မှုများနှင့် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ဘက်မှ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံတကာ သတင်းမီဒီ ယာများတွင် ဖော်ပြကြသည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က “ကျွန်တော်တို့ဗျာ ၂၅၊ ၂၆ ရက် မနက်တွေမှာ အဲဒီ ခါရာတောင် ကုန်းနဲ့ နောက်တစ်ခါ ဒီဘက် က ကျွန်တော် တို့ တပ်ဖွဲ့တွေ နေရာ ယူထားတဲ့ တောင်ကုန်းတွေမှာရှိတဲ့ အဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် အပြင်း အထန် ပစ်ခတ်ကြပါတယ်။ KIA က စပစ်တော့ တပ်မတော်က ပြန်ပစ်တယ်။ 

အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်ခင်ဗျ။ အဲဒီနောက်ပိုင်းမှာတော့ အဲ့ဒီ ခါရာတောင်ကုန်း ပေါ်မှာ KIA ဆုတ်ခွာသွားတယ်လို့ ကျွန်တော်တို့ သိရပါတယ်ခင်ဗျာ၊ ကျန်တဲ့ ဒေသတွေမှာဖြစ်တဲ့ သတင်းတွေ ကျွန်တော် တို့ အသေးစိတ် မရသေးပါဘူးခင်ဗျာ” ဟု ပြန်လည် ပြောကြားခဲ့သည်။ အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တို့အကြား ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လအတွင်း ပျက်ပြားသွားခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် စစ်ဖြစ်ပွားလျက် ရှိသောကြောင့် ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်ပေါင်း တစ်သိန်းကျော် ရှိနေပြီဖြစ်ကာ ယနေ့တိုင် ငြိမ်းချမ်းရေး အတွက် နှစ်ဖက်ဆွေးနွေးမှု မရသေးဘဲ ဖြစ်နေကြကြောင်းသိရှိရပါသည်။ 

From:ခေတ်လူငယ်

www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်