Pages

Friday, February 1, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း


နှစ်သစ်ကူး မိန့်ခွန်းမှာ ရေဒီယိုကနေ တစ်ဆင့် ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင် ချက်များကို အခါအခွင့် သင့်တိုင်း ဆက်သွယ်ပြောကြား သွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ် ပါတယ်။
 
ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရ သက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ များစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင် ပြောင်း လဲမှု တွေကတစ်ဆင့် အောက်ခြေအဆင့် ပြည်သူလူထု အားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ ဗဟိုပြု စီးပွားရေး ပြုပြင် ပြောင်းလဲမှု များကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးကြီး တဲ့ အောင်ဆန်း- အက်တလီ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ပြီး သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများ လျှော့ချ နိုင်မှုနှင့် တိုက်တိုက် ဆိုင်ဆိုင် မြန်မာနိုင်ငံ စီးပွားရေး သမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့ အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံ အနေနဲ့ နိုင်ငံ တကာ ငွေကြေး ဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်း ထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင်နိုင် ခဲ့လို့ပဲ ဖြစ်ပါတယ်။
 
လက်ရှိ ဖွံ့ဖြိုးတိုးတက် နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေး အကူအညီ ရယူခဲ့ ရပါတယ်။ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတိုင်း နီးပါးဟာ သန်းထောင်ပေါင်း များစွာသော ငွေကြေး အကူအညီကို ရယူ ခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယား နိုင်ငံ၊ အရှေ့တောင် အာရှ နိုင်ငံများဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့ ဟာလည်း ငွေကြေး အကူအညီ များကို ရယူ ခဲ့ရပါတယ်။ အထီးကျန် ဆန်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို ရှေ့ကို တိုးတက်ဖို့လည်း အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ (၁ဝ) စုနှစ်များစွာ စီးပွားရေး ပိတ်ဆို့မှု တွေကြောင့် နိုင်ငံတကာ ချေးငွေ အကူအညီများ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
 
ယခု အခါမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူ တစ်ရပ်လုံး ပူးပေါင်း ပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေ တွေကို ပြောင်းလဲ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ အနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ ချေးငွေ အကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီး များနှင့်လည်း ညှိနှိုင်းမှုများ ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတကာ ကြွေးမြီ များထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် ကိုလည်း ဖြေလျှော့ နိုင်အောင် ညှိနှိုင်း ဆောင်ရွက် နိုင်ခဲ့ပြီ ဆိုတဲ့ သတင်းကောင်းကိုလည်း ပြည်သူလူထု ကြီးကို ပြောကြား လိုပါတယ်။ ယခုလို အရေး ကြီးတဲ့ အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေး နိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအဝင် ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံများရဲ့ အကူအညီ ကိုလည်း အသိအမှတ်ပြု မှတ်တမ်း တင် ရမှာဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာ ချေးငွေ အကူအညီ များကို ပြန်လည်ရရှိ နိုင်ပြီ ဖြစ်ပါတယ်။ ဒီလို ရရှိနိုင်မယ့် သန်းပေါင်းများ စွာသော ရန်ပုံငွေ တွေကို ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံတစ်ခု အဖြစ် ရပ်တည် နိုင်ဖို့၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး ဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီး တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်း ရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဆောင်ရွက် ခဲ့မှုများဟာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲဆုံး LDC နိုင်ငံများ စာရင်းမှ ရုန်းထွက်နိုင်အောင် ဆောင်ရွက်မည် ဆိုတဲ့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမ ခြေလှမ်းအဖြစ် ရရှိနေပြီ ဖြစ်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။
 
ကျွန်တော်တို့ အစိုးရ အနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေအကူ အညီတွေကို ပြည်သူ့ အကျိုး စီးပွားအတွက် ပွင့်လင်းမြင်သာမှု ရှိရှိအသုံးပြု သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ အနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ် တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
နိုင်ငံ တစ်နိုင်ငံရဲ့စီးပွားရေး ဦးမော့ လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေး တွေမှာ အလွန် အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း များကိုလည်း အားပေးနိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းများကို မြေတောင် မြှောက်ပေး နိုင်ဖို့ အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီနဲ့ လုပ်ငန်း ကော်မတီ တို့ကိုလည်း ဖွဲ့စည်း ခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့် နည်းပညာ၊ အရင်း အနှီး၊ အကြံဥာဏ်တွေကို နိုင်ငံ တကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှု ဖွံ့ဖြိုးရေး ဘဏ်မှ စတင် ထုတ်ချေးမှုများ ပြုလုပ် ပေးနေပြီ ဖြစ်ပါတယ်။ တစ်စတစ်စ ပိုပြီး လိုအပ်ချက်တွေ ကို ဖြည့် ဆည်း ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ၁၉- ၁- ၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ရှင်များကို ဖိတ်ခေါ်ပြီး အစိုးရ အဖွဲ့နဲ့အတူ ပြည်တွင်း ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပ နိုင်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မူဘောင်နဲ့ ပတ်သက် လို့ ဝိုင်းဝန်းဆွေးနွေး အကြံဥာဏ်များ ရယူ နိုင်ခဲ့ ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ထိရောက်ဖို့ အတွက် နေပြည်တော် သဘော တူညီချက် ကိုလည်း သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။
 
ဒါ့အပြင် ကျွန်တော်တို့ အစိုးရ အနေနဲ့ ဆင်းရဲမှု လျှော့ချရေးနဲ့ ပတ်သက်လို့ အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူ အများစုဟာ စားဝတ် နေရေးအတွက် တစ်ဘဝလုံး ပင်ပန်းကြီးစွာ ရုန်းကန် ဆောင်ရွက် ကြရပါတယ်။ ဒါပေမဲ့ မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံး ကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေ မျိုးတွေ ရှိနေပါတယ်။ ဒီလို အိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေ မျိုးတွေကို လွန်မြောက် စေဖို့အတွက် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို လည်း ရန်ကုန်မြို့ တစ်ဝိုက်မှာ စတင်စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ်များ မှာလည်း တန်ဖိုးနည်း အိမ်ရာများကို  ဆက်လက် ဖော်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိက လုပ်သား အင်အား အများစုဖြစ်တဲ့ တောင်သူ လယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝ,ဝဝဝ/-ကနေ ကျပ် ၁ဝဝ,ဝဝဝ/- နှုန်းအထိ တိုးမြှင့်ထုတ်ပေး နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယာတစ်ဧက ကိုလည်း ကျပ် ၁ဝ,ဝဝဝ/- ကနေ ကျပ် ၂ဝ,ဝဝဝ နှုန်းအထိ တိုးမြှင့်ပေး နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုတိုးမြှင့် ပေးနိုင်ခဲ့ ပေမယ့်လည်း အမှန်တကယ် လိုအပ်မည့် စိုက်ပျိုးစရိတ် အတွက် ပြည့်မီနိုင်ခြင်း မရှိတာကို သတိပြု မိပါတယ်။ တည်ဆဲ ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့် များကို ခွင့်ပြုထားပြီ ဖြစ်တဲ့အလျောက် မိမိတို့ရဲ့ လယ်ယာမြေများကို အာမခံ ထား၍ လိုအပ်တဲ့ စိုက်ပျိုးစရိတ် အရင်းအနှီးများ ချေးယူစုဆောင်း နိုင်တဲ့  အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လယ်ယာ လုပ်ကိုင်သူ လယ်သမား ထုကြီးကို မိမိအနေနဲ့ တိုက်တွန်း လိုတာကတော့လည်း ပွင့်လင်းလွတ်လပ် လာတဲ့ ဈေးကွက်နှင့် လိုက်လျော ညီထွေရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ် များနှင့် အခွင့်အလမ်း တွေကို အမိအရ ဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။ မိမိတို့၏ အဓိက ကုန်ထုတ် အရင်းအနှီးဖြစ်တဲ့ လယ်ယာမြေများ တန်ဖိုးမြင့် တက်လာ ရန်လည်း မိမိတို့၏ လယ်မြေများကို ပြုပြင်ကြစေ လိုပါတယ်။ ရေတိုစီမံ ခန့်ခွဲမှု များဖြင့် မိမိတို့၏ ကုန်ထုတ် အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန် ကိုလည်း သတိပြု ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါတယ်။ တစ်ဆက်တည်း မှာပင် လယ်ယာ ကဏ္ဍကို ဈေးကွက် စီးပွားရေးစနစ် နှင့်အညီ တိုးတက်စေမယ့် ခေတ်မီ လယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြ ရမှာ ဖြစ်ပါတယ်။
ယခု နိုင်ငံရေး ဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့ အစည်း တွေနဲ့ ပြည်သူလူထု အားလုံးက ကဏ္ဍ အသီးသီးကနေ အားလုံး ပူးပေါင်းေ ဆာင်ရွက်မှု တွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာဟာ ရွေးကောက်ပွဲတွေ ကျင်းပရုံနဲ့ မလုံေ လာက်ပါဘူး။ အသိအမြင် ကြွယ်ဝတဲ့ ပြည်သူလူထု တစ်ရပ်လုံးက ပြည်သူတို့ ဘဝ အတွ က် ရွေး ချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်း ကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ ပေါ်ပေါက် လာဖို့လည်း အလွန် အရေးကြီးပါတယ်။
 
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်း ကဏ္ဍ မှာရှိခဲ့တဲ့ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ ပြန်လည်အားကောင်း လာဖို့အတွက် ကြိုးပမ်းဆောင်ရွက် သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပဲ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ အားကောင်း လာဖို့က နိုင်ငံသား တစ်ဦးချင်း စီမှာလည်း တာဝန်ရှိ ပါတယ်။ ကျွန်တော့် အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ် လာစေဖို့ အတွက် ၂ဝ- ၁- ၂ဝ၁၃ ရက်နေ့က လူထု အခြေပြု အရပ်ဘက် လူ့အဖွဲ့ အစည်း များနဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံ ခဲ့ပါတယ်။ ၂၇- ၁- ၂ဝ၁၃ ရက်နေ့ ကလည်း သက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် ကျွန်တော်တို့ အစိုးရ အဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့်လည်း စားပွဲဝိုင်း ဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေ ကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်က စလို့ အစိုးရ ယန္တရား အဆင့်ဆင့်မှာ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ၊ ပြည်သူ လူထုတွေ ပါဝင်တဲ့  အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
 
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်း လဲ ရေးများ အောင်မြင်ေ စဖို့အတွက် နိုင်ငံရေး တည်ငြိမ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက်မှု တို့ ကိုလည်း အလေးထား ဆောင်ရွက်ရမယ့် အချိန် ကာလလည်း ဖြစ်ပါတယ်။ ယခု ဖြစ်ပွားနေ တဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ၊ ပဋိပက္ခ ဖြစ်ပွား ရာ ဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှု တွေဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့ အစိုးရ အနေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများ အားလုံး အတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူ အညီတွေ ထိရောက်စွာ ပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက် ရှိပါတယ်။ သင့်လျော်သော နိုင်ငံတကာ အဖွဲ့အစည်း များနှင့်လည်း ဆက်သွယ် ဆောင်ရွက်လျက် ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံး နစ်နာမှုများ ရပ်ဆိုင်း နိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တ နေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည် ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့ အစည်း အသီးသီးမှ ခေါင်းဆောင်များ အားလုံး စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေးညှိနှိုင်း ကြရန် ကျွန်တော့် အနေနဲ့ အလေးအနက် တိုက်တွန်း အပ်ပါတယ်။ မိမိတို့ ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့် ထိလွယ်ရှလွယ် အဆင့်ကို ရောက်ရှိ နေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင် ကြိုးပမ်းလုပ်ဆောင် နေ သူများနဲ့ ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့ တညီတညွတ်တည်း သဘောထား ကြီးကြီးနဲ့ ရုန်းကန် လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှားအောင်မြ င် နိုင်မှာ ဖြစ်ကြောင်း ကိုလည်း ကျွန်တော့်အနေနဲ့ အလေး အနက် ပြောကြား လိုပါတယ်။
 
နိဂုံးချုပ် အနေနဲ့ ကျွန်တော် ပြောချင်တာကတော့ ယခုအချိန် အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်း မှာပဲ နှစ်ပေါင်း ခြောက် ဆယ်ကျော် ကာလအတွင်းမှာ မရဘူးသေးတဲ့ အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူတစ်ရပ် လုံးဟာ ကျွန်တော်တို့ နဲ့အတူ ဒီအခက် အခဲ တွေကို  ဝိုင်းဝန်းကျော်ဖြတ် ကြဖို့  တိုက်တွန်း ပြောကြား ချင်ပါတယ်။ မကြာခင်မှာ ကျရောက် တော့မယ့် (၆၆) နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့  တစ်မျိုးသားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည် နှိုး ဆွပြီး ပြည်သူ တစ်ဦး ချင်း စီအနေနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
 
မိဘပြည်သူများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့နဲ့ ပြည့်စုံနိုင်ကြပါစေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်