တောင်ကုတ်မှာ ကားမှောက်လို့တဲ့ ခရီးသည် ၁၄ဦး သေဆုံးပြီး အများအပြား ဒါဏ်ရာရရှိသွားတယ်တဲ့။
မိသားစုများနဲ့ထပ်တူ ၀မ်းနည်းမိပါတယ်။ အန္တရယ်ရှိမှန်းသိသိကြီးနဲ့ကို
ခရီးသည်တွေဟာ တခြားရွေးချယ်စရာမရှိ ဒီတော၊ ဒီတောင်၊ ဒီကားတွေနဲ့ ဒီလမ်းမ၊
ဒီယာဉ်မောင်းတွေနဲ့ပဲ နေ့ညမဟူ သွားလာနေကြရပါတယ်။ ဒီသတင်းဖတ်ရတဲ့
အသိမိတ်ဆွေတယောက်က ရခိုင်ပြည်နယ်ကို တခါမှမရောက်ဖူးကြောင်းနဲ့ ဒေသရဲ့
လက်ရှိလမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကို မေးလာ တဲ့အတွက် ကိုယ်
သိသလောက်ပြောပြဖြစ်ခဲ့ပါတယ်။ တလက်စတည်း မရောက်ဖူး မကြုံဖူးတဲ့သူတွေ
သိရှိနိုင်စေရန်အတွက် ဒီစာကိုရေးလိုက်ရပါတယ်။
ကျွန်တော် ဒီစာကို ရေးရတာဟာ မည်သည့်စီးပွါးရေးလုပ်ငန်းကိုမှ
တိုက်ခိုက်ရန် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ နေ့စဉ်နဲ့အမျှခက်ခဲစွာ
ဖြတ်ကျော်နေကြရတဲ့ ခရီးသွားပြည်သူများရဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်ရဲ့
လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးခက်ခဲပုံ တစိတ်တဒေသကို မကြုံဖူး
မလာရောက်ဖူးသူများ သိရှိစေရန် ဒေသခံ လူငယ်တယောက်အနေနဲ့
ရေးသားခြင်းဖြစ်ပါတယ်။ စနစ်တကျ သုတေသနပြုရေးသားခြင်းမဟုတ်တဲ့အတွက် အချက်အလက်အကြောင်းအရာအမှားအယွင်းရှိပါက ခွင့်လွှတ်စေလိုပါတယ်။ လိုအပ်ပါက ဝေဖန်အကြံပြုနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ဆက်သွယ်ဖို့
အဓိက ကုန်းလမ်းဝင်ပေါက် ၂ ခုရှိပါတယ်။ ပထမတခုက (တောင်ကုတ်-ရန်ကုန်)
လမ်းဖြစ်ပြီး နောက်တခုမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က ဖွင့်လှစ်ခဲ့ပြီး
ရန်ကုန်နဲ့ ရခိုင်ပြည်မြောက်ပိုင်း ကိုဆက်သွယ်ထားတဲ့ (ရန်ကုန်-စစ်တွေ) လမ်း
တို့ဖြစ်ပါတယ်။ တောင်ကုတ်-ရန်ကုန်လမ်းဟာ
ရှေးနှစ်ပေါင်းများစွာကပင် ရခိုင်ပြည်နှင့် မြန်မာပြည်မတို့၏ ကုန်စည်
ကူးသန်းရောင်းဝယ်ရေး၌ အလွန်အရေးပါခဲ့ပါတယ်။ သက္ကရာဇ် (၁၇၈၄)
ခုနှစ်ဘိုးတော်ဘုရားလက်ထက် ရခိုင်ပြည် ကို ချီတက်တိုက်ခိုက်ခဲ့စဉ်က
တောင်ကုတ် ရိုးမလမ်းကြီးကိုပင် အသုံးပြုခဲ့ကြကြောင်း သိရပါတယ်။ ထို့ပြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌လည်း တောင်ကုတ်ရိုးမလမ်းကို မဟာမိတ်တပ်များက
တစ်လှည့်၊ ဂျပန်စစ်တပ်များကတစ် လှည့် မိမိတို့သိမ်းပိုက်ထားစဉ်အတွင်း
ပြင်ဆင်၍ စစ်ကြောင်း ခရီးလမ်းအဖြစ် အသုံးပြုခဲ့ကြောင်း
သမိုင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။ ၁၉၅၄ ခုနှစ်မှစ၍
ပုံမှန်လမ်းမကြီးတစ်ခုဖြစ်အောင် အစိုးရက ပြန်လည်ပြင်ဆင်အသုံးပြုခဲ့ကြောင်းသိရပါတယ်။
သို့ရာတွင် အစိုးရအဆက်ဆက်က လုံလောက်တဲ့ ပြုပြင်ထိမ်းသိမ်းမှု မရှိတာကြောင့်
လက်ရှိကာလ လမ်းအခြေအနေမှာ လွန်စွာဆိုးရွားနေပြီး ခရီးလမ်းကြန့်ကြာသလို
ယာဉ်မတော်တဆမှုများလည်း မကြာခဏဖြစ်ပွါးလေ့ရှိပါတယ်။
ကျွန်တော်ငယ်ငယ်က ရန်ကုန်-စစ်တွေ ကားလမ်းမရှိခင် ထိုလမ်းမှ
ခရီးသွားဖူးပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက
မြို့တွေကလူတွေဟာ ရန်ကုန်သွားမယ်ဆိုရင် စစ်တွေကိုအရင်သွား ထိုမှတဆင့်
လေယာဉ်စီးပြီးသွားရင်သွား ဒါမှမဟုတ်ရင် တောင်ကုတ်ကိုေ ရလမ်းခရီးအ တိုင်း
မော်တော်တွေ သင်္ဘောတွေနဲ့သွား အဲဒီကတဆင့် ကားနဲ့ရန်ကုန်သွားရပါတယ်။
နိုင်ငံရေး၊ စီးပွါးရေး အခြေအနေများေ ကြာင့် ချွတ်ခြုံကျနေတဲ့
ပြည်သူအများစုက ကုန်ကျစရိတ်ကြီးမြင့်လှ တဲ့ လေကြောင်း မှတဆင့်
မသွားနိုင်ကြပါဘူး။ တတ်နိုင်သူတွေတောင် စစ်တွေကို အရင်သွားရမဲ့အချိန်
ထိုမှတဖန် လေယာဉ်ပျံလက်မှတ်စောင့်ရမယ့်အချိန်တွေနဲ့ သိပ်မထူးလို့ တောင်ကု တ်လမ်း မှသွား ကြတာများပါတယ်။
ကျွန်တော်တို့ မင်းပြားမြို့နယ်ဘက်က ဆိုရင် မော်ေ တ်ာတွေ နဲ့ မြေ ပုံမြို့၊
ကျောက်ဖြုမြို့တို့ကိုဖြတ်ပြီး တောင်ကုတ်ရောက်အောင် လှိုင်းလေကြမ်းတမ်းတဲ့
ပင်လယ်ဝတွေ ကို ဖြတ်ကျော်ရပါတယ်။ မိုးရာသီမှာဆိုရင် မြေပုံနဲ့ ကျောက်ဖြုကြား
မှာရှိတဲ့ (နောင်တော်ကြီး နောင်တော်ချေ) ပင်လယ်ဝမှာ
လှိုင်းလေအလွန်ကြမ်းတမ်းပြီး မော်တော်တွေ မကြာခဏတိမ်းမှောက်
နစ်မြုပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့လ အနည်းငယ်ကတောင် အဲဒီနေရာမှာ သင်္ဘော တ စီး
ကျောက်ဆောင်နဲ့ တိုက်မိတဲ့သတင်းကို ဂျာနယ်တွေမှာ ဖတ်မိ ကြားမိကြမှာပါ။
ဒုတိယလမ်းကတော့ လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းက လူတွေ အဓိက
အားကိုးအားထားပြုသွားလာနေရတဲ့ (ရန်ကုန်-စစ်တွေ) လမ်းဖြစ်ပါတယ်။ ဒီလမ်းဟာ
(၅၃၄.၃)မိုင် ရှည်လျားပြီး ယခင်ရှိတဲ့ အမ်းတောင်ကြားလမ်းကို အခြေတည်ကာ
စစ်တွေအထိရောက်အောင် ထပ်မံတိုးချဲ့ဖေါက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်တွေမှစတင်ကာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား
စသည့်မြို့တွေကို ဖြတ်ကျော်လာပြီး အမ်းမြို့မှစတင်ကာ ရခိုင်ရိုးမကို
အမ်းတောင်ကြားလမ်းမှ ဖြတ်ကျော်ဖေါက်လုပ်ထားတာဖြစ်ပါတယ်။ အမ်းတောင်ကြားလမ်းဟာ ဟိုးယခင်ကပင် ပြည်မနှင့်ဆက်သွယ်ရသော နာမည်ကျော်တံခါးပေါက်တခုဖြစ်ခဲ့ပါတယ်။
ထိုတောင်ကြားလမ်းကို ယခင်က အမ်းမြို့မှ ရိုးမကိုကျော်ပြီး မင်းဘူးမြို့ကို
မော်တော်ကားလမ်းဖောက်လုပ်ခဲ့ရာ ၁၉၆၄ ခုနှစ်
အတွင်းပြီးစီးခဲ့တယ်လို့သိရပါတယ်။ ထိုကားလမ်းကို အမ်းမြို့နယ်ဘက်မှ ၃၄ မိုင် ဖောက် လုပ်ခဲ့၍ မင်းဘူးဘက်မှ ၅၂ မိုင် ဖောက်လုပ်ခဲ့ကြောင်းသိရှိရပါတယ်။
လမ်းကတော့ကြမ်းသလားမမေးနဲ့ ကိုယ်ကိုယ်တိုင် ကားမောင်းပြီးသွားဖူးသလို
လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးကားတွေကို အကြိမ်ပေါင်းများစွာစီးဖူးပါတယ်။
လမ်းကကြမ်းတော့ ဤခရီးနီးပေမဲ့ နီးလျှက်နဲ့ဝေးနေရတယ်။ ရန်ကုန်က မနက် ၈ နာရီ
ထွက်ခွါလာတဲ့ အဝေးပြေးကားတွေဟာ ထမင်းရပ်စားရုံမှအပ တနေကုန်မရပ်မနား
မောင်းရင် မိုးချုပ်ညနက်မှာ ရိုးမတောင်ခြေကိုရောက်ပါတယ်။ ဒီလမ်းအပိုင်းဟာ
ပြည်မထဲမှာရှိတဲ့အတွက် လမ်းကောင်းပါတယ်။ သို့ပေမဲ့ ရခိုင်ဘက်ကို မောင်းတဲ့
ယာဉ်မောင်းတွေဟာ တခြားယာဉ်လိုင်းတွေလို အိလေးဆွဲနေလို့မရပါဘူး။
ရခိုင်ဘက်ကိုရောက်ရင် လမ်းကြမ်းပြီး အချိန်ကြန့်ကြာမှာမို့လို့ ဒီဖက်မှာ
မြန်နိုင်သမျှမြန်အောင် မောင်းကြရပါတယ်။ အဲဒီမှတဖန် ညလုံးပေါက်
ရိုးမတောင်ကြီးကို ကျော်ရင် မနက်အာရုံလောက်မှာ အမ်းကိုရောက်ပါတယ်။ အမ်းကနေ
မင်းပြား၊ မြောက်ဦးကို နေ့လည်ပိုင်းဖြတ်ကျော်ပြီး ညနေကျမှ
စစ်တွေရောက်မှာဖြစ်ပါတယ်။ ပြောစရာက အမ်းတောင်ကြားလမ်းကနေစပါပြီ။ ရန်ကုန်ကနေ တောက်လျှောက်ကောင်းလာခဲ့တဲ့လမ်းဟာ
ရခိုင်ပြည်နယ် ထဲကိုဝင်လာတာနဲ့ တောက်လျှောက်ဆိုးပါတော့တယ်။
ချဲ့ကားမပြောရပါဘူး သွားဖူးတဲ့သူတွေ သိပါလိမ့်မယ်။ လမ်းကြမ်းသလို
မတ်စောက်တဲ့အတွက် ကားသမားတွေ အလွန်သတိထားမောင်းနှင်ရပါတယ်။ ဂီယာကြီးနဲ့
တောက်လျှောက်မောင်းနေရတဲ့အတွက် ခရီးမတွင်လှပါ။ ရခိုင်ဘက်မောင်တဲ့ကားတွေမှာ
များသောအားဖြင့် ယာဉ်မောင်း ၂ယောက်ပါပြီး ဒီနေရာတွေကို
ခေါင်းဆောင်ယာဉ်မောင်းကသာ မောင်းလေ့ရှိပြီး အရံယာဉ်မောင်းက
အမ်းမြို့နယ်ကျော်မှ မောင်းလေ့ရှိပါတယ်။ ရံဖန်ရံခါလမ်းပြင်နေတဲ့အဖွဲ့တွေ တွေ့ရပေမဲ့ တခါမှပြင်ပြီးတယ်လို့မရှိပါဘူး။
လူအပြည့်ကုန်အပြည့် တင်ဆောင်ထားတဲ့ ကားအလေးချိန်၊ အခြေခံ စံနှုန်းမညီတဲ့
လမ်းတည်ဆောက်ပုံမတ်စောက်မှု၊ နှစ်ပေါင်းများစွာ
အသုံးပြုလာတဲ့ယာဉ်ရဲ့ကြံ့ခိုင်မှု၊
မိုးများဒေသဖြစ်တဲ့အတွက် အောက်ခံမြေမာကျောမှုမရှိ စတာစတာ တွေဟာ
ရင်မောစရာတွေပါ။ ဂငယ်ကွေ့တွေ အကွေ့ကြမ်းတယ်။ ချိုးတဲ့ ဒီကရီ အရမ်းကျဉ်းတော့
ကားဦးမကျိုးဘူး။ တဘက်မှာ တောင်နံရံ တဘက်မှာ အသူရာချောက်ကြီးတွေ။
တခုခုဖြစ်ပြီဟေ့ဆိုရင် ယာဉ်မောင်းကိုပဲ အလွယ်တကူ တရားခံလုပ်ကြပါတယ်။
မရှိလို့ကားမောင်းစားတဲ့ ယာဉ်မောင်းတွေဟာ ကိုယ်နဲ့ ကိုယ့်မိသားစု
ဒုက္ခရောက်မဲ့အရေးကို မည်သူမှ အလွယ်တကူအဖြစ်ခံကြမည်မဟုတ်ပါ။ အများစုက
ကျွမ်းကျင်တဲ့ အတွေ့ကြုံရင့် သက်ကြီးပိုင်း ကားသမားတွေပါ။
ကျွန်တော်ကြုံဖူးသလောက် အရက်မသောက်ကြပါ။ လမ်းခရီးမှာ စည်းကမ်းရှိကြပါတယ်။
အဆင်းကားက တက်လာတဲ့ကားကို ဦးစားပေးပါတယ်။ ယာဉ်လိုင်းမတူရင်တောင်
ပျက်နေတဲ့ကားတွေ့ရင် အချင်းချင်းကူညီကြပါတယ်။ တောင်ကျော်နေတဲ့ အချိန်တွေမှာ
အင်ဂျင်အခြေနေမကောင်းရင် ကောင်းတဲ့ကားက အနောက်ကစောင့်လိုက်ပေးကြပါတယ်။
တခါကြုံဖူးတယ် ဂဏန်းအပြည့်တင်လာတဲ့ ကုန်ကားတစီး တောင်ပေါ်မတက်နိုင်တော့လို့
လူစီး အိပ်စပရစ်ကား သုံးစီးက ကြိုးချိတ်ပြီး နောက်ပြန်ဆွဲပေးကြတယ်။
လမ်းကြမ်းပြီး ဆက်သွယ်ရခက်ခဲတော့ တတ်နိုင်ရင်ကူညီကြတာများပါတယ်။ လမ်းတွေဟာ ရခိုင်ဘက်ခြမ်းမှာအလွန်ဆိုးပါတယ်။ တချို့နေရာတွေဟာ လမ်းကြောင်းတောင်မရှိလောက်တော့အောင်ဆိုးနေပါတယ်။
လမ်းကြောင်းတလျှောက် တံထားများစွာဖြတ်ကျော်ပြီး တံတားပျက်နေလို့
တံတားအောက် ချောင်းထဲက ဖြတ်ကူးရတာကများပါတယ်။ တချို့ တံထားတွေဆိုလည်း
ဆွေးမြေ့ယိုင်နဲ့နေပြီး ပြိုကျမှာစိုးလို့ ခရီးသည်တွေကို
လမ်းဆင်းလျှောက်ဖြတ်ကျော်ခိုင်းပြီး ယာဉ်မောင်းတဦးတည်းသာ သတိကြီးစွာမောင်းနှင်ဖြတ်ကျော်ရပါတယ်။ တချို့နေရာတွေမှာ ပုံမှန်လမ်းကြောင်းအတိုင်းမောင်းရင်
ဗွက်နစ်ပြီး ကားအောက်ပိုင်း ၀င်ရိုးတွေနဲ့ မြေကြီးဆောင့်မှာစိုးလို့
လမ်းအလယ်သားနဲ့ လမ်းနုတ်ခမ်းသားတွေကို ခွမောင်းရတဲ့အတွက် ချော်ကျမဲ့
အန္တရယ်ရှိသလို အာရုံစိုက်မောင်းရတဲ့အတွက် ယာဉ်မောင်းတွေ ပိုပင်ပန်းပါတယ်။
တလမ်းလုံး ချောင်းထဲဆင်းလိုက် ဗွက်တောတိုးလိုက်နဲ့ ခရီးသည်တွေ
အိမ်ပြန်ရောက်ရင် လူရုပ်တောင်မပေါက်တော့ပါ။ လိုအပ်ရင် ကားတွန်း၊
ကားဆွဲပေးရပြီး တခါတလေ ပေါက်ပြားကိုယ်စီနဲ့ လမ်းပါပြင်ပေးရပါတယ်။
ဂိုက်နဲ့ဆိုက်နဲ့ ၀တ်စားလာပြီး လက်ပိုက်ကြည့်နေလို့မရ၊
ရခိုင်ကားပေါ်တက်စီးလာရင် ဆရာဝန်ကအစ ဗိုလ်မှူးအထိ တသားတည်းပဲ၊ လိုအပ်ရင်
စပါယ်ယာလုပ် ကားတွန်းဖို့သာပြင်ထားပေတော့။ ရခိုင်ပြည်နယ်မှာ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း ယာဉ်ကျေးမှုအမွေနှစ်တွေတည်ရှိနေတဲ့
မြောက်ဦးမြို့၊ ယူနက်စကိုက အသိမှတ်ပြုထားပြီး
ကမ္ဘာ့ရှေးအကျဆုံးမြို့တွေထဲမှာ ပါဝင်တဲ့ ဓည၀တီမြို့ဟောင်း
စတာတွေတည်ရှိနေတဲ့အတွက် ကမ္ဘာအရပ်ရပ်မှ ခရီးသွားတွေ
တနေ့တခြားလာရောက်လျှက်ရှိပါတယ်။ မီးခိုးမထွက်တဲ့စက်ရုံလို့ တင်စားခေါ်ဝေါ်ကြရတဲ့ ခရီးသွားလုပ်ငန်းတွေဟာ တိုင်းပြည်ဝင်ငွေကို နှစ်စဉ်ရှာဖွေပေးလျှက်ရှိပါတယ်။ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် နွံနစ်နေတဲ့ ရတနာလို လွန်စွာမှ နှမြောစရာကောင်းပါတယ်။ နိုင်ငံ့ဝင်ငွေလျှော့ပါးသလို ဒေသခံ စီးပွါးရေးလုပ်ငန်းရှင်တွေဟာလည်း ရုန်းကန်နေကြရပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကုန်စည်စီးဆင်းမှုအားနည်းသလို ကုန်ဈေးနုန်းအဆမတန်ကြီးမြင့်ပါတယ်။ ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်စေခဲ့တဲ့ အချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေးဟာ အဓိကနေရာကပါနေပါတယ်။ နစ်ပေါင်းများစွာ အစိုးရအဆက်ဆက် ဖိနှိပ်ချိုးနှိမ်မှုတွေခံခဲ့ရလို့
ရေမြေ၊ သယံဇာတကြွယ်ဝပေမဲ့ နလံမထူနိုင်ခဲ့ပါဘူး။ ထွက်လိုက်တဲ့ ဆန်စပါး၊
ပေါလိုက်တဲ့သားငါး ပြည်သူတွေကတော့ ငတ်နေတယ်။ ဆန်စပါးထွက်လွန်းလို့
ဆန်အိုးလို့ခေါ်ယူရတဲ့ စစ်တွေဒေသမှာ စားစရာဆန်မရှိလို့ ဆန်ပြဿနာ
အရေးအခင်းဖြစ်ဖူးတယ်။ ယုံနိုင်စရာပင်မရှိ။ အဲဒီတုန်းက စစ်တပ်က
ပစ်ခတ်နှိမ်နှင်းခဲ့လို့ သေလိုက်ကြတဲ့ပြည်သူတွေ။ ဟောအခုလည်းထွက်လိုက်တဲ့
ဂတ်စ် ထရီလီယံနဲ့ချီ။ ပိုက်လိုင်းဖင်ခုထိုင်ပြီး ငတ်နေကြတယ်။
လျှပ်စစ်မီးအကြွင်းအကျန်လေးပေးဖို့ကို သူတောင်းစားလိုတောင်းနေကြရတယ်။ အချုပ်အားဖြင့်ဆိုရရင် လက်ရှိမြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေ လှမ်းနေပြီလို့ လူအများ လက်ခံစပြုနေပါပြီ။ ဒီအခြေနေကောင်းတွေကို ဆက်လက်ထိမ်းသိမ်းပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ
တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးမှုတွေကိုလည်း နိုင်ငံနဲ့အ၀ှမ်း
တပြေးညီလာအောင် ပိုမိုအားစိုက်ထုတ် ဆောင်ရွက်သင့်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကို ပါးစပ်နဲ့တင်မဟုတ် လက်တွေ့အကောင်ထည်ဖေါ်ဖို့လိုပါတယ်။
လက်ရှိအစိုးရကိုလည်း တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့
ဖယ်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် တဖြည်းဖြည်း ကြိုးစားယင်း
နာဖျားနေတဲ့ ရခိုင်ပြည်နယ်က လမ်းမကြီးတွေကိုလည်း ဂရုစိုက် ဆေးကုပေးကြပါလို့
တောင်းဆိုလိုက်ပါတယ်။
နေမျိုးထွန်း (Facebook) မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.