Pages

Wednesday, February 6, 2013

မြန်မာနိုင်ငံက ပေးရမယ့်ကြွေးမြီတွေကို လျှော်ပေးတဲ့ကိစ္စ


လောကမှာ အကဲ့ရဲ့လွတ်သောသူမရှိလို့ မြတ်ဗုဒ္ဓမိန့်ခဲ့တဲ့စကားဟာ ဒီနေ့အထိမှန်နေဆဲ… နောင်လည်း မှန်နေဦးမည်သာ။ ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက် အသံနေအသံထားနဲ့ ပြောတတ်တဲ့ စကားတစ်ခွန်းကိုလည်း သတိရမိပြီး ပြုံးမိပါရဲ့။ ဒီမယ်... မောင်ဉာဏ်ရ… လူဆိုတဲ့အမျိုးက သိကြားမင်း ဖန်ဆင်းပေးတဲ့ နွားကိုတောင်မှ ချိုလေးက နည်းနည်းကားသလိုပဲနော်၊ မျက်လုံးက နည်းနည်းများ စောင်းနေသလားလို့၊ အမြီးက နည်းနည်းသေးနေတယ် ထင်တယ်ဗျလို့ လုပ်တတ်တဲ့လူတွေကွ။ 
 
အင်း… အဲဒီတော့လည်း အခုလက်ရှိအစိုးရ ဘာလုပ်လုပ် အပြစ်ပြောမှာပဲ၊ ဝေဖန်မှာပဲ ဆိုတဲ့အတိုက်အခံတွေနဲ့ အတိုက်အခံတွေ ဘာလုပ်လုပ် အကောင်းမပြောဘူးဆိုတဲ့ အစိုးရကို ထောက်ခံသူတွေအကြား ဘယ်တော့မှလည်း သင်ပုန်းချေနိုင်မှာ မဟုတ်သလို၊ ဘယ်တော့မှလည်း သံသယစိတ် ပျောက်မှာမဟုတ်ပါဘူး။ မင်ဒဲလားတစ်ယောက် မြန်မာပြည်မှာ လူလာမဖြစ်တာ အတော်ကံကောင်းတယ်လို့ ကျွန်တော်ကိုဉာဏ်က သတ်မှတ်တယ်။ အဲဒီလူကြီးလည်း တောင်အာဖရိကမှာမို့ပေါ့ မြန်မာပြည်မှာဆိုရင်တော့ ဘယ်ပြောကောင်းမလဲ… ဟားဟားဟား။ ပြောချင်တာက မင်ဒဲလားလည်း မဟုတ်ဘူး၊ တောင်အာဖရိကလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက ပေးဆပ်ဖို့တာဝန်ရှိတဲ့ ချေးငွေတွေကိစ္စ ဦးသိန်းစိန်အစိုးရက ဆောင်ရွက်နေတာတွေကို ဒီအပတ်ထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဘယ်လောက်ပမာဏ လျှော်ပေးတယ်၊ ဘယ်လောက်ကျန်သေးတယ် ဆိုတာက တစ်ပိုင်းပါ။ 
 
ကျွန်တော့်အတွက်ကတော့ ကိုယ့်နိုင်ငံက ဆပ်စရာအကြွေး ဘယ်လောက်ရှိတယ်၊ ဘယ်သူတွေကို ဘယ်လောက်ပေးရမယ်၊ ဘယ်နှစ်ကတည်းက ယူထားတာ၊ စတဲ့ စတဲ့ ဘယ်တုန်းကမျှ သိခွင့်မရခဲ့တာတွေကို သိရတဲ့အတွက် ပြည်သူတစ်ဦးအနေနဲ့ ကျေနပ်တယ်။ ပြီးတော့ အစိုးရဟာ သူလုပ်စရာရှိတာတွေကို တစ်ဆင့်ချင်း လုပ်သွားနေတယ်လို့ ခံစားရတယ်။ ဒီမိုကရေစီသက်တမ်း ၃ နှစ်တောင် မပြည့်သေးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို တွင်တွင်အော်ပြီး နေရာတကာ အန်ကယ်ဆမ်ရဲ့ပေတံ၊ အယ်လီဇဘတ်ရဲ့ပေကြိုးနဲ့ လိုက်တိုင်းနေတာကိုတော့ မျက်စိစပါးမွှေး အတော်ဆူးသဗျ။ သူတို့က မြန်မာနိုင်ငံမှာ လူဖြစ်ရတာ နာတယ်ထင်သေးသတဲ့။ အံ့ရော.. ကျွန်တော်ကလည်း ပြန်ပြောလိုက်ချင်သေးတယ်၊ ဒင်းတို့တွေနဲ့အတူ မြန်မာပြည်မှာ လူလာဖြစ်ရတာ နာလိုက်တာဗျာ။ တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးမလဲ ဆိုတဲ့ပေတံကို လက်မှာကိုင်ပြီး ဘေးထိုင်ဘုပြော နေတဲ့သူတွေခမျာ တိုင်းပြည်အတွက် ငါဘာလုပ်ပေးရမလဲ ဆိုတဲ့စကားကို ကြားဖူးပုံမရဘူး။ ကဲ… ထားပါတော့ဗျာ… ပြောချင်တာကတစ်ခြား၊ ပြောမိတာတွေကတစ်လွဲ ဖြစ်နေပြန်ပါပြီ။ လွဲနေကျမို့ ထုံးစံအတိုင်း သည်းခံလော့ဒကာပေါ့ဗျာ။ ဘာပဲပြောပြော အကြွေးကင်းတာ ကောင်းတယ်မဟုတ်လား။ ဦးသိန်းစိန်အစိုးရကို အသိအမှတ် ပြုလိုက်ပါတယ်ဗျာ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်