Pages

Sunday, February 17, 2013

ဓာတုဆေးသုံး သီးနှံများ နှင့် လူမှုကျန်းမာရေး


လူမှု ပတ်ဝန်းကျင် တစ်ခုလုံးရှိ နေထိုင် စားသောက်မှု အစုစု တို့တွင် ဓာတုဆေးများ လွှမ်းမိုး လာနေပြီ ဟု ပြောနိုင် နေပြီ ဖြစ်ပါသည်။ ဓာတုဆေး များသည် လူတို့အတွက် အကျိုးပြုသည့် နေရာ ရှိသော်လည်း သူ့နေရာ နှင့်သူ မှန်ကန်စွာ အသုံးပြု တတ်ဖို့ လိုပါသည်။ ပတ်ဝန်းကျင် နှင့် လူသားတွေမှာ ဖြစ်ပေါ် လာမဲ့ အန္တရာယ် ကို ဂရုမစိုက်ဘဲ အထည်အလိပ် လုပ်ငန်းသုံး ဓာတု ဆိုးဆေး များကို အစားအသောက် ထုတ်လုပ်မှု လုပ်ငန်း များတွင် သုံးစွဲ လာခြင်း သည် စီးပွားရေး အမြတ်အစွန်း တစ်ခုတည်း ကိုသာ အာရုံ ထားကြသော ၀ိသမ လောဘသား စီးပွားရေး သမားများ၏ လူထုအတွက် ပေးသော အန္တရာယ် ပင် ဖြစ်ပါသည်။
 
ကျွန်ုပ်တို့ နေ့စဉ် ပတ်ဝန်းကျင် ရှိ ဓာတုဆေးသုံး ထုတ်လုပ် ထားသည့် သစ်သီးဝလံ ဟင်းသီး ဟင်းရွက် နှင့် အစားအစာ တို့မှ ကြွင်းကျန် ခဲ့သော ဓာတ်ကြွင်း ဓာတု ပစ္စည်း များတွင် အဆိပ်ရှိသော ပစ္စည်းများ အဖြစ် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ် လာနိုင်သော ပစ္စည်းများ ပါဝင် နိုင်ပေသည်။ ဓာတုဆေးများ အများဆုံး လူနှင့် ထိတွေ့မှုမှာ မီးဖိုချောင် သုံးနေ့စဉ် စားသောက် ဖွယ်ရာများ ဖြစ်သော ဟင်းသီး ဟင်းရွက် ၊ သစ်သီးဝလံ တို့တွင် ပါဝင် နေသည့် ပိုးသတ်ဆေး ၊ အပင် နှင့် အသီးအပွင့် အားတိုးဆေး ၊ ဓာတ်မြေသြဇာ များမှ အဓိက ကူးစက် သက်ရောက် နေလျက် ရှိပါသည်။ ဓာတုဆေး ဓာတ်ကြွင်းဟု ခေါ်သည့် အန္တရာယ်ရှိ ဓာတု ပစ္စည်းများ ရှိသင့် သည်ထက် ပိုမို ပါဝင်နေခြင်း အကြောင်းရင်း များမှာ ဓာတုဆေး များကို ရွေးချယ် သုံးစွဲမှု အမျိုးအစား မှန်ကန်မှု မရှိခြင်း ၊ လိုအပ်သည့် ပမာဏထက် ပိုမို သုံးစွဲခြင်း ၊ အရည်အသွေး မမီသော ဆေးများ သုံးစွဲခြင်း ၊ ဆေးဖြန်း ကိရိယာများ အရည်အသွေး မမီခြင်း ၊ အသုံးပြုမှု စနစ် မမှန်ခြင်း ၊ သုံးစွဲပြီး ပိုလျှံသော ဓာတုဆေး များအား စနစ်တကျ စွန့်ပစ်မှု မရှိခြင်း တို့ဖြစ်ပါသည်။
အန္တရာယ် ရှိသော ပိုးသတ်ဆေး များကို ငါးဖမ်းရာတွင် အသုံးပြုခြင်း ၊ ငါးပိ ငါးခြောက် လုပ်ငန်းတွင် လောက်သေရန် ပိုးသတ်ဆေး သုံးစွဲခြင်း တို့ကြောင့် စားသုံးသူတို့ အတွက် မသိလိုက်ဘဲ ရောဂါ ၀ယ်ယူ စားသုံး နေမိခြင်း ဖြစ်ပါသည်။ ထို့အပြင် တောင်သူများ အနေဖြင့်လည်း အသီးအနှံ များ လျင်မြန်စွာ မှည့်စေရန် ဆေးဖျန်းခြင်း ၊ အပင်အသီး ကြီးထွား စေရန် ဆေးဖျန်းခြင်း များတွင်လည်း သုံးစွဲမှု စနစ်တကျ မရှိပါက အန္တရာယ် ကင်းသည့် သစ်သီးဝလံ များ မဖြစ်နိုင် တော့ပေ။ အချို့ သစ်သီးများအား အရောင်လှ စေရန် ဓာတုဆေး သုံးစွဲခြင်း ရှိတတ်သဖြင့် အဟာရ နှင့် အစာ၏ အလှအပ မျက်စိ ပသာဒ ရှိမှုကို ခွဲခြား နားလည်ပြီး ရွေးချယ် ၀ယ်ယူ စားသုံး တတ်ဖို့ လိုအပ် ပေသည်။
အချို့ ဓာတုဆေး များတွင် အန္တရာယ် ရှိနိုင်သဖြင့် " ရေအရင်း အမြစ်တွင် မရောက်ရှိစေရ ၊ အန္တရာယ် ရှိသည် " သတိပေးချက် များ ပါရှိသော်လည်း တောင်သူများ၏ အသိဥာဏ် ပညာ အားနည်းချက် ကြောင့် ဂရုတစိုက် သုံးစွဲမှု အားနည်းချက် များ ဖြစ်ပေါ် တတ်ပေသည်။ ဓာတုဆေး များ အန္တရာယ်မှ ကင်းဝေး စေရန် ၀ယ်ယူ သုံးစွဲသူ ပြည်သူ လူထုများ အနေဖြင့် လိုအပ်မှသာ သုံးစွဲခြင်း ၊ အရည်အသွေး ပြည့်မီသော ဆေးများကို မှန်ကန်စွာ ရွေးချယ် သုံးစွဲခြင်း ၊ နှုန်းထား မှန်ကန်စွာ သုံးစွဲခြင်း ၊ သတ်မှတ် အကြိမ် အရေအတွက် မှန်ကန်စွာ သုံးစွဲခြင်း ၊ သုံးစွဲပုံ စနစ် မှန်ကန်ခြင်း ၊ စနစ်တကျ ထိန်းသိမ်း ထားသိုရန် လိုအပ်ခြင်း ၊ စွန့်ပစ်ရာတွင် စနစ်တကျ စွန့်ပစ်ခြင်း ၊ ထုတ်လုပ် သူတို့မှ အညွှန်းစာတွင် သုံးစွဲပုံ ပမာဏ နှင့် အန္တရာယ် ရှိမှုတို့ကို ပြည့်စုံစွာ ဖော်ပြခြင်း တို့ ပါရှိရန် လိုအပ် ပါသည်။
ထို့အပြင် ဓာတုဆေး များမှ အဆိပ်သင့် ခြင်းကြောင့် ပိုးသတ်ဆေး အဆိပ်သင့်လျှင် ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်း ၊ ဇောချွေးများ ပြန်ခြင်း တို့ဖြစ်နိုင်ပြီး စားသုံးသူ တို့မှာလည်း ဗိုက်နာခြင်း ၊ ၀မ်းပျက်ခြင်း ၊ တက်ခြင်း နှင့် အရေပြား ဆိုင်ရာ နှင့် အူမကြီး ဆိုင်ရာ ရောဂါများ ဖြစ်ပွား လာနိုင်သဖြင့် ပတ်ဝန်းကျင် ရှိ စားသောက် ဖွယ်ရာ ဟင်းသီး ဟင်းရွက် ၊ သစ်သီးဝလံ များမှ တစ်ဆင့် သုံးစွဲ ပါဝင် လာသော ဓာတုဆေး များ၏ အန္တရာယ်ကို အမြဲမပျက် သတိချပ်ပြီး အဟာရ နှင့် အန္တရာယ် နှစ်သွယ်အနက် အဓိက လိုအပ်မှုကို ခွဲခြား သုံးစွဲ နိုင်ကြပါစေဟု ဆန္ဒပြု ရေးသား လိုက်ပါသည်။
 
MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်