Pages

Thursday, April 4, 2013

တန်ဖိုးမျှတအိမ်ရာ မြေဖိုးမပါ တည်ဆောက်မှု ကုန်ကျစရိတ်အတိုင်းသာ ရောင်းပေးမည်

ရန်ကုန်စည်ပင်မှ ဆောက်လုပ်သော တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို အကျိုးအမြတ်မယူဘဲ တည်ဆောက်မှု ကုန်ကျစရိတ် အတိုင်းသာ ရောင်းချပေးသွားမည်ဟု သိရသည်။ ယင်းအပြင် မြေတန်ဖိုးကိုလည်း ထည့်တွက်မည် မဟုတ်ဘဲ မြေပိုင်ရှင်အဖြစ် စည်ပင်သာယာမှသာ ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ ရန်ကုန်စည်ပင်မှ ၂၀၁၅ ခုနှစ်တွင် အပြီး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း လေးခုကို အကောင်အထည်ဖော်ရန်ရှိပြီး လက်ရှိတွင် စီမံကိန်းတစ်ခုကို စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

မတ်လဆန်းမှ စတင်ကာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းတွင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းကို ဆောင်ရွက်နေပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၄၂) ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် (၁၃၀) ရပ်ကွက် မင်းရဲကျော်စွာလမ်းတွင် မင်းရဲကျော်စွာ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၆၂) ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ်အိမ်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည် ဖော်သွားရန်ရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းများရှိ အခန်းတန်ဖိုးကို လက်ရှိအချိန်တွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဟု တွက်ချက်ပေးနိုင်မှု မရှိသေးဟု အထက်ပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“PAE စနစ်ရဲ့ ကုန်ကျစရိတ်အတိုင်း ရောင်းပေးမှာ ဖြစ်တဲ့အတွက် ကျယ်ရင်ကျယ်သလို ဈေးကတော့ မြောက်သွားနိုင်တယ်။ ဒီအတွက် စဉ်းစားနေတယ်။ အထပ်မြင့်ဆောက်ရင် ဓါတ်လှေကားပါ ထည့်ရမယ်။ ဒါဆို ဈေးကမြင့်သွားမယ်။ အခု အခန်းအရေအတွက်ကို ညှိနေတယ်” ဟု ၄င်းက ပြောသည်။ PAE (Plant Area Estimate) ဆိုသည်မှာ တိုင်၊ ကြမ်းခင်း၊ အမိုး စသည်ဖြင့် ခွဲခြားတွက်ချက်ခြင်း မဟုတ်ဘဲ တစ်စတုရန်းပေ ပတ်လည်လျှင် ဈေးနှုန်းတစ်မျိုးတည်း သတ်မှတ်၍ ကုန်ကျစရိတ် တွက်ချက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းများအား အနည်းဆုံး စတုရန်းပေ အကျယ် ၅၅၀ ထားရှိရန် သတ်မှတ်ထားသည်။ သို့သော် အမှန်တကယ် အိမ်ရာအဆင့်မီ ပုံစံမှာ စတုရန်းပေ ၁၀၀၀ ကျော်ရှိသင့်သည်ဟု ၄င်းကဆက်လက် ပြောသည်။ ၂၀၁၅ အပြီးတည်ဆောက်မည့် ယင်းအိမ်ရာစီမံကိန်းများမှ အခန်းများကို တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ပြည်သူများသို့ ရောင်းချသွားမည်ဟု ရန်ကုန်စည်ပင်မှ သိရကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်