Pages

Wednesday, January 30, 2013

ဦးဆန်းဆင့်၊ ဦးမြင့်လှိုင်၊ ဦးစိုးသိန်း၊ မောင်ဝံသ၊ ဒေါက်တာဆိတ်ဖွား


ဦးဆန်းဆင့်
 

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သိပြီးတဲ့လူတွေများပေမယ့် မသိသေးတဲ့ သူတွေအတွက် အနည်းငယ် မိတ်ဆက်ပြီး စကားခင်းပါရစေ။ ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ လူသိများတဲ့နေရာမှာ ပုံစံ ၂ မျိုးနဲ့ ကျော်ကြားသူလို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ ဆက်ရှင်းပြပါမယ့်မယ်။ ပထမတစ်မျိုးက လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျော်ကြားမှုပါ။ ဒုတိယတစ်မျိုးကတော့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်တဲ့ ကျော်ကြားမှုပါ။ အဲဒီ ကဏ္ဍ ၂ ခုလုံးမှာ ဦးဆန်းဆင့်ဟာ ပြောစရာတွေ အတော်များများဖြစ်ပြီး ကျန်ရစ်ခဲ့အောင် စွမ်းဆောင်နိုင်သူပါ။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဟာ မြန်မာနိုင်ငံမှာ လက်ရှိအသက်ဝင် လည်ပတ်နေတဲ့ လွှတ်တော်တွေ အားလုံးထဲမှာ အသက်အ၀င်ဆုံး၊ အတက်ကြွဆုံး၊ အလုပ်အများဆုံး၊ သတင်းအဖြစ်ဆုံး လွှတ်တော်ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ ပြည်သူတွေရဲ့ အသံတွေကို လွှတ်တော်ထဲမှာ ပြန်လည်ပဲ့တင်ရေး လုပ်ငန်းတွေကို ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်က အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့ အတွက်လည်း အုပ်ချုပ်ရေးပိုင်းနဲ့ ပွတ်တိုက်မှုတွေ မကြာခဏဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တာတွေကို ပြန်လေ့လာကြည့်တဲ့အခါမှာ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေအတွက် သက်သက်ဆိုတာ သွားတွေ့ရပါတယ်။ အဲဒါကပဲ သူဦးဆောင်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့ ထူးခြားမှုပါ။ အခြားလွှတ်တော်တွေက အလုပ်ဖြစ်ရုံ၊ လည်ပတ်ရုံ လုပ်နေတဲ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဟာ သူ့ရဲ့ ပုံမှန်လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်ခဲ့ရင်းနဲ့ အခြားလွှတ်တော်တွေကို ကျော်ပြီး နာမည်ထွက်ခဲ့တာပါ။ တကယ်တော့ အထူးအဆန်း လုပ်ခဲ့တာ မရှိပါဘူး။ လွှတ်တော်အလုပ်ကို ပီပြင်အောင် လုပ်ခဲ့ခြင်းပါပဲ။ အဲဒီအတွက် ဦးဆောင်သူဖြစ်တဲ့ ဦးဆန်းဆင့် နာမည်ထွက်ပြီး ကျော်ကြားတာ မဆန်းလှဘူး ထင်ပါတယ်ဗျာ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာတောင် ပုံမှန်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ လွှတ်တော်စာစဉ်တို့၊ လစဉ်သုံးသပ်ချက်တို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကနေ ပုံမှန်ဆောင်ရွက် လုပ်ကိုင်နေတယ်ဆိုတာ သိရရင်လည်း စာဖတ်သူတော့ မသိဘူး၊ ကျွန်တော်ကတော့ အတော်အံ့သြမိသဗျ။ သြော်.. အဲဒါကြောင့်လည်း ဦးဆန်းဆင့် ဖြစ်နေတာပါလားလို့ တွေးမိပါရဲ့။
ဒုတိယတစ်ပိုင်းဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီနေရာမှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့ တိုင်းဒေသကြီး အစိုးရအပေါ် ထိန်းကျောင်းနိုင်မှုဟာ ဦးဆန်းဆင့်တစ်ဦးတည်းရဲ့ အင်အားကြောင့်ဆိုတာ ကျွန်တော်ကိုဉာဏ် အပြည့်အ၀ ပြောရဲပါတယ်။ အစိုးရကို ရဲရဲဝံ့ဝံ့ ထိန်းကျောင်းတည့်မတ်ပေးဖို့ မဆုတ်မနစ်၊ မကြောက်မရွံ့ လုပ်ဆောင်ခဲ့သူဟာ ဦးဆန်းဆင့် ဖြစ်ပါတယ်။ ကျွန်တော်ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ရခိုင်ပြည်နယ် လွှတ်တော်နဲ့ ပတ်သက်တာတွေကို စိတ်ဝင်တစား လေ့လာဖူး၊ မေးမြန်းဖူး၊ ဝေဖန်ခဲ့ဖူးပါတယ်။ စော်ကားပြောဆိုလိုခြင်း မရှိပေမယ့် ရခိုင်လွှတ်တော်နဲ့ အစိုးရဟာ သီးခြားစီမဖြစ်ဘဲ သွယ်ဝိုက်သော နည်းလမ်းနဲ့ ဆက်နွယ်ပတ်သက်မှုတွေ ရှိနေတယ်လို့ ကျွန်တော်သုံးသပ်ပြခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ် အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က မည်သည့်ထိန်းကျောင်းမှုမျှ မလုပ်နိုင်ခဲ့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ လူမျိုးရေးကိစ္စတွေ၊ ယဉ်ကျေးမှုကိစ္စတွေနဲ့ ငြင်းခုန်ပြီး အချိန်ကုန်နေခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသား ရာနှုန်းပြည့်နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးရကို ရခိုင်တိုင်းရင်းသား ရာနှုန်းပြည့်နီးပါး ပါဝင်နေတဲ့ ပြည်နယ်လွှတ်တော်က မထိန်းကျောင်းနိုင်တာဟာ ဘာကြောင့်လဲဆိုတာ ခက်ခက်ခဲခဲ စဉ်းစားစရာ မလိုပါဘူး။ ဟိုမရောက်ဒီမရောက် ကျွန်တော်ကိုဉာဏ်လိုလူတောင် သိသေးရင် တာဝန်ရှိတဲ့လူတွေက မသိစရာ အကြောင်းမရှိပါ။ မူလအကြောင်းအရာကနေ သွေဖည်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ပြန်ဆက်ရရင် အခြားပြည်နယ်၊ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်တွေမှာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်လောက်တဲ့၊ ထိန်းကျောင်းရဲတဲ့ ဥက္ကဋ္ဌတွေ ရှိမနေခဲ့ပါဘူး။ ဒီစကားဟာ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ သိက္ခာကို ထိပါးစေတယ်လို့ ယူဆကောင်း ယူဆနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးပိုင်းကို မှန်မှန်ကန်ကန် ထိန်းကျောင်းတည့်မတ်ဖို့ တာဝန်ရှိတဲ့ လွှတ်တော်တွေ အသက်မ၀င်တာကိုတော့ ကျွန်တော်မကျေနပ်နိုင်တာ အမှန်ပါ။ အဲဒီနေရာမှာ ကျွန်တော်သွားတွေ့တာ တစ်ချက်ကတော့ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်တွေနဲ့ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တွေက ဥက္ကဋ္ဌတွေရဲ့ နှိုင်းယှဉ်ချက်ပါပဲ။ သူတို့ ၂ ယောက်ကြားက ကွာဟချက်ဟာ လွှတ်တော်တွေ အသက်ဝင်/မ၀င် ဆိုတာကို အဆုံးအဖြတ် ပေးသွားတာပါပဲ။ ဦးဆန်းဆင့်ကတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်ကို ဥပဒေဘောင် အတွင်းကနေပဲ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုင်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးလို့ ကျွန်တော်ပြောရင် အခြားလူတွေတော့ မသိဘူး၊ ဦးဆန်းဆင့်တော့ ငြင်းမယ်မဟုတ်ဘူးလို့ ကျွန်တော်က ယုံကြည်မိပါရဲ့ဗျာ။
ကဲ... အခုလိုလျှောက်ပြီး ဋီကာတွေ ချဲ့နေ၊ ပြောနေရတာ ဖတ်ရတဲ့လူလည်း ငြီးငွေ့ရောပေါ့ဗျာ။ ကျွန်တော်အဓိက ပြောချင်တာက ဒီကိစ္စတွေ မဟုတ်ပါဘူး။ ဒါတွေက နိဒါန်းပျိုးနေရတာတွေပါ။ ပြောချင်တဲ့ကိစ္စက အများစု သိပြီးဖြစ်ပါလိမ့်မယ်။ မကြာသေးခင်ကမှ လစ်လပ်သွားခဲ့တဲ့ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဆန်းဆင့်ကို ခန့်အပ်လိုကြောင်း သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့ခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ နေရာအတွက် အစားထိုးခန့်အပ်ဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပို့တာ ဘာမျှ မထူးဆန်းပါဘူး။ ဒါပေမယ့် ထူးဆန်းတာက အဲဒါနဲ့ပတ်သက်ပြီး ထွက်လာတဲ့ မှတ်ချက်တွေ၊ ဝေဖန်မှုတွေပါပဲ။
အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင်တော့ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် မပြောင်းစေချင်ကြဘူး။ လွှတ်တော်အတွက် နစ်နာလို့တဲ့။ ဒါပဲ။ အဲလိုကျတော့လည်း တအားတိုသွားသလား၊ နည်းနည်းလောက် ထပ်ပြီး ရှင်းပြခွင့်ပြုပါ။ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေကလည်း ဦးဆန်းဆင့် ပြောင်းသွားမှာကို မလိုလားဘူးတဲ့။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဦးဆန်းဆင့် မရှိတော့ရင် အရှိန်ရနေတဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေ နှောင့်နှေးသွားနိုင်တယ်တဲ့။ တိုင်းဒေသကြီးလွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို အစကနေ ပြန်စရနိုင်တယ်တဲ့။ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်အချို့ကလည်း ရွှေဉာဏ်တော် စူးရောက်ပြီး ပြောရှာပါတယ်။ ဦးဆန်းဆင့်ဟာ တအားထက်နေတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌကနေ အစိုးရထဲကိုထည့်ပြီး သာသနာရေးဝန်ကြီး ပေးတာတဲ့။ သူပြောသလိုဆိုရင် ဦးဆန်းဆင့်ကို ခန့်ချင်တာနဲ့ပဲ အရင်သာသနာရေးဝန်ကြီးကို ရာထူးက နုတ်ထွက်ခိုင်းခဲ့သလိုပဲ။ တွေးတတ်ပါ့။ အချို့ကလည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအတွက် အသက်ရှူချောင်အောင် လုပ်ပေးတာတဲ့။ ဒါလည်း အံ့သြစရာ အတွေးအခေါ်ပဲ။ အခုနောက်ဆုံး ဦးဆန်းဆင့်ကပါ စကားတွေပြောလာတယ်။ ဧရာဝတီတိုင်းက ပြည်သူတွေက မသွားစေချင်ရင် မသွားဘဲ လွှတ်တော်မှာပဲ နေပါ့မယ်တဲ့။ အဲဒါကျတော့ ကျွန်တော်ကိုဉာဏ်က ပြတ်ပြတ်သားသားပဲ ဝေဖန်တယ်ဗျာ။ အဲဒါတော့ ဦးဆန်းဆင့် ရှော်တာပဲ။ ရူးတာပဲ။ အဲလို မပြောသင့်ဘူး။ ထားပါတော့... အခုလောလောဆယ် ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်မှာလား၊ သူကရော လုပ်မှာလား၊ ဘာဆိုဘာမျှ သဲသဲကွဲကွဲ မသိရသေးဘူး။ ဦးဆန်းဆင့်ကိုယ်တိုင် ဇဝေဇ၀ါ ဖြစ်နေသေးတယ်လို့ မြင်မိတယ်။
ကျွန်တော့်သဘောကတော့ ဦးဆန်းဆင့် သာသနာရေးဝန်ကြီးရာထူးကို လက်ခံသင့်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သည် တိုင်းဒေသကြီး တစ်ခုအတွက်သက်သက်သာ ဖြစ်ပါသည်။ သာသနာရေးဝန်ကြီးဌာနသည် တစ်ပြည်လုံးအတွက်၊ မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံအတွက် အလုပ်လုပ်နိုင်တဲ့နေရာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ စွမ်းဆောင်သမျှသည် တိုင်းဒေသကြီးတစ်ခုသာ အကျိုးခံစားရတာ ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနမှာ တော်တည့်မှန်ကန်စွာနဲ့ အလုပ်လုပ်ခြင်းသည် တစ်ပြည်လုံးအတွက်၊ တစ်နိုင်ငံလုံးအတွက် အကျိုးခံစားရမည် ဖြစ်ပါသည်။ ထိုအချက်ကို မမေ့စေလိုပါ။ နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်းကို ၀င်သင့်ပါသည်။ သို့မှသာ လွှတ်တော်တွေရဲ့ ထိန်းကျောင်းဝေဖန်ခြင်းကင်းအောင် ဘယ်လိုအလုပ် လုပ်သွားမယ်ဆိုတာ အခြားလူတွေက လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းလောကမှာလည်း အဲဒီလိုဆန်ဆန် အဖြစ်အပျက်တွေက အမြဲတမ်းရှိပါတယ်။ ကိုယ့်ရုံးမှာ အဆင်ပြေနေတဲ့ ၀န်ထမ်းတစ်ယောက်ကို လက်လွှတ်ရမှာ အင်မတန်ကြောက်တဲ့ ရောဂါဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်း၊ လူတော် ရှားပါး၍၊ အသုံးတည့်သူ ရှားပါး၍ ဖြစ်ပါသည်။ တကယ်လို့သာ စာရေးတွေအားလုံး စာရေးပီသနေပါလျှင်၊ ရုံးအုပ်တွေအားလုံး ရုံးအုပ်ပီသနေပါလျှင်၊ ဌာနစုမှူးတွေအားလုံး ဌာနစုမှူးပီသနေပါလျှင်၊ မန်နေဂျာတွေအားလုံး မန်နေဂျာ ပီသနေပါလျှင် ယခုကဲ့သို့ အဖြစ်မျိုးတွေ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ဒါက စနစ်နှင့်လည်း ဆိုင်မည်ထင်ပါသည်။ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၀န်ထမ်းတစ်ယောက် အလုပ်ပြောင်းသွားလျှင်၊ သို့မဟုတ် ခွင့်သွားလျှင်၊ သို့မဟုတ် အလုပ်မှနုတ်ထွက်သွားလျှင် အခြားတစ်ယောက်က ဆက်လုပ်လိုက်တာပဲဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံကျမှပဲ ဒီတစ်ယောက် ခွင့်သွားလျှင် နောက်တစ်ယောက်မှာ ဘာလုပ်ရမှန်းမသိတော့။ ဟိုလုပ်ငန်းလစ်ဟင်း၊ ဒီအလုပ် လစ်ဟာ ဖြစ်ကုန်တော့သည်။ ဒါက မူနှင့်မလုပ်ဘဲ လူနှင့်လုပ်ခြင်းကြောင့်ဟု ကျွန်တော်နားလည်မိသည်။ အခုလည်း ထို့အတူပင်။ ဦးဆန်းဆင့် မရှိတော့လျှင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သည် အခြားလွှတ်တော်များကဲ့သို့ပင် ဖြစ်သွားတော့မည်ကို အားလုံးသိနေကြသည်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်လုပ်ငန်းစဉ်များအတိုင်း လုပ်ရမည့်အလုပ်များကို အခြားလူများက လုပ်လိမ့်မည်ဟု မသေချာသောကြောင့် ဖြစ်သည်။ ကျွန်တော်သာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ထဲက ကိုယ်စားလှယ်တစ်ယောက်ဆိုလျှင် ရှက်လွန်းလို့ သေသွားနိုင်သည်။ ဦးဆန်းဆင့်မရှိလျှင် နောက်တစ်ယောက်လုပ်ပေါ့။ ဦးဆန်းဆင့်ထက် သာအောင်လုပ်ပေါ့။ ကိုယ်တိုင်ကျတော့ အဲဒီလို တော်အောင်၊ ထက်အောင် မကြိုးစားချင်ကြတော့ဘူးလား။ ငါမရှိရင် ဒီနေရာက မဖြစ်ဘူးဆိုလျှင်တော့ ထိုနေရာအတွက်ရော၊ ထိုလူအတွက်ပါ တစ်ခုခု လွဲချော်နေပြီဟု ကျွန်တော်က ဆိုချင်ပါသည်။ လက်ခံရမည်ဟု မဆိုလိုပါ။ စာဖတ်သူတို့ ဉာဏ်ရှေ့ပန်း၍ ဆင်ခြင်နိုင်ရန်သာ ဖြစ်ပါသည်။

ဦးမြင့်လှိုင်

လက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ မြန်မာတစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေကို သူ့ရဲ့ အထွက်တိုး စပါးမျိုးတွေနဲ့ လူနေမှုဘ၀တွေ မြင့်တက်လာအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တဲ့ ၀န်ကြီးတစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ရမယ်ဆိုတာလည်း သူ့ရဲ့ ကြွေးကြော်သံပါပဲ။ သူ့ရဲ့ အထွက်တိုးစပါးမျိုး စိုက်တဲ့တောင်သူတွေကို ပြိုင်ပွဲသဘောမျိုး ကျင်းပပေးပြီး စပါးအထွက်ဆုံး၊ ကြံအထွက်ဆုံး တောင်သူတွေကို ဆုပေးခဲ့တာလည်း သူပါပဲ။ သူ့ရဲ့ အထွက်တိုး စပါးမျိုးတွေဟာ လယ်ယာမြေတွေကို ပျက်စီးစေတယ်၊ သူပြောတဲ့အတိုင်း ထွက်ဖို့ဆိုရင် သွင်းအားစုတွေ အဆမတန်လိုတယ်၊ ရေကောင်းကောင်းလိုတယ်လို့ ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။ အထွက်တိုးစိုက်တဲ့ တောင်သူတွေဟာ အမြော်အမြင်ရှိတဲ့အပြင် နိုင်ငံတော်အစိုးရနဲ့ လယ်/ဆည်ဝန်ကြီးဌာနကို တစ်ဖက်တစ်လမ်းက ကူညီနေသူတွေဖြစ်ပြီး အထွက်တိုး မစိုက်တဲ့လူတွေကတော့ အင်မတန်မှ ဉာဏ်နုံနဲ့သူ၊ ခေတ်နောက်ပြန်ဆွဲသူ၊ ဆင်းရဲတွင်းထဲက မထွက်ချင်သူတွေ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တဲ့ စကားမျိုးတွေ ပြောတတ်သူလို့လည်း ဝေဖန်ခံရသူ ဖြစ်ပါတယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေ၊ နိုင်ငံခြားဧည့်သည်တွေလာတိုင်း သူ့ရဲ့ နေပြည်တော်က မစားရ၀ခမန်း အီလစ်စိုက်ခင်းကြီးတွေကို လိုက်ပြတတ်သူလည်း ဖြစ်ပါတယ်။ (အီလစ်စိုက်ခင်းတွေလို့ ကျွန်တော်ပြောရတာ အကြောင်းရှိပါတယ်။ အဲဒီစိုက်ခင်းတွေမှာ သူစိုက်ထားတဲ့ စပါးတွေ၊ သီးနှံတွေကို ကျွန်တော်တို့ အညာမှာ လာစိုက်လို့သာ အခုထွက်တဲ့အတိုင်း ထွက်တယ်ဆိုရင် ကျွန်တော်ကဖြင့်လေ သူ့ကို ဘုရားသခင်လိုတောင် ကိုးကွယ်လိုက်ချင်ပါသေးတယ်ဗျာ။ ကြိုက်တဲ့အချိန် ရေရအောင်လုပ်ထားတဲ့၊ ဂရုစိုက်စောင့်ကြည့်မယ့် အလုပ်သမားတွေ အလျှံပယ်ရှိနေတဲ့၊ ဓာတ်မြေသြဇာမပူရ၊ ပိုးသတ်ဆေးမပူရ၊ ပေါင်းထမှာမပူရတဲ့ သူ့စိုက်ခင်းတွေ ထွက်တာကိုများ အထူးအဆန်းလုပ်နေသမို့ ရယ်ချင်မိတာပါ။ ဦးမြင့်လှိုင်နဲ့ သူ့အဖွဲ့တွေကို အညာပို့ပြီး အညာက တောင်သူတွေကို သူ့ရဲ့ နေပြည်တော်စိုက်ခင်းတွေကို လွှဲပေးလိုက်ရင် အခုသူထွက်တာထက်တောင် ပိုထွက်ပါလိမ့်ဦးမယ်။ အလှပြ ရေပေါ်ဆီစိုက်ခင်းတွေကို ညွှန်ပြပြီး မြန်မာတစ်ပြည်လုံး ဒီလိုဖြစ်အောင် လုပ်မှာဆိုရင်တော့ ကျွန်တော်ဖြင့် ဘာမျှ မပြောလိုတော့ပါဘူးဗျာ။)

ဦးမြင့်လှိုင်ကို လူသိများစေတဲ့ အကြောင်း (၃) ချက်ရှိတယ်လို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။
(၁) အထွက်တိုး စပါးမျိုးတွေကိစ္စ
(၂) Hot News ဂျာနယ်က အယ်ဒီတာချုပ် မမရဲ့ ဖွချက်ကြောင့် လွှတ်တော်ကို တောင်းပန်ရတဲ့ကိစ္စ
(၃) တောင်သူတွေ အကြွေးကျေအောင် ထမင်းတစ်နပ် လျှော့စားပါလို့ အကြံပေးခဲ့တဲ့ကိစ္စ

နံပါတ် (၁) က အပေါ်မှာ ပြောပြီးပြီမို့ ဇာမချဲ့လိုတော့ဘူး။
နံပါတ် (၂) ကိစ္စက လူသိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့လူတွေကို ထပ်ပြောပြချင်တယ်။
ဖြစ်ပုံဒီလိုဗျ။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၂)၊ အမှတ် (၈၄) မှာ ဦးမြင့်လှိုင်နဲ့ အင်တာဗျူးပါလာတယ်။ မေးမြန်းသူက မမပါ။ အဲဒီအင်တာဗျူးထဲကမှ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှူးရှူးရှားရှား ဖြစ်စေခဲ့တဲ့ စကားလုံးတွေကို ပြန်ထုတ်ပြပါ့မယ်။

..... အခြေခံလူတန်းစားတွေ တိုးတက်လာမှသာလျှင် တိုင်းပြည်က အေးချမ်းမယ်။ တိုင်းပြည်နောင်ရေး စိတ်အေးရမယ်။ တကယ်တမ်းကျတော့ အဲဒါ လုပ်ရမယ့်ကိစ္စပဲ။ ပညာတတ်တွေလည်း ပေါ်ထွန်းလာအောင် လူကြီးတွေက တော်တော်ကို လုပ်ကြရမယ်။ တက္ကသိုလ်ကြီးတွေ ဆောက်ပေးခဲ့တယ်။ စာသင်ကျောင်းတွေ ဆောက်ပေးခဲ့တယ်။ ဘာကြောင့်လည်း အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တတ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများ ခလုပ်နှိပ်ဆို နှိပ်တယ်။ သူမှ ဘာမှမသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ။ အဲဒီဟာတွေကို ဒေသအလိုက် နယ်ပယ်အသီးသီးက ပညာတတ်တွေ ထွက်ပေါ်လာအောင်ဆိုပြီး လုပ်ပေးခဲ့တယ်။ .......

နောက်ဆုံးရလဒ်ကတော့ ဦးမြင့်လှိုင်ဟာ လွှတ်တော်ကို ပြန်တောင်းပန်ခဲ့ရတာပါပဲ။ အဲဒီအင်တာဗျူကို နောက်အပတ် ဆက်ဖတ်ပါရန် ဆိုတာကိုတောင် ကျွန်တော်တို့ ဖတ်ခွင့်မရတော့ဘူး။ ဆက်လက်ဖော်ပြတာလည်း ကျွန်တော်မတွေ့တော့ပါဘူး။

နံပါတ် (၃) ကိစ္စဖြစ်တဲ့ တောင်သူတွေ အကြွေးကျေအောင် ဆပ်နိုင်ဖို့အတွက် ထမင်းတစ်နပ် လျှော့စားဖို့ အကြံပြုတဲ့ကိစ္စကတော့ သူ့ဟာသူဆိုရင် အဲဒီလောက် မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ လိုရာဆွဲပြီး ပြောရင်းနဲ့ တစ်စထက်တစ်စ ပြန့်ကားသွားခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်းဖြစ်သွားခဲ့ပြီမို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ အခုဖော်ပြမှာက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် 7Day News ဂျာနယ်၊ အတွဲ (၁၁)၊ အမှတ် (၄၇) မှာဖော်ပြထားတဲ့ သတင်းထဲကနေ ပြန်လည်ကောက်နုတ် တင်ပြထားတာပါ။

..... ယခင်ရှိရင်းစွဲအကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေး မြန်မြန်ကျေအောင် ထမင်းတစ်နပ် လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်လောက်ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာထဲက မလွတ်နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်....

ဒါက ဦးမြင့်လှိုင် ပြောတဲ့စကား။ ဓနုဖြူမြို့နယ်မှာ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ ဆက်ပြီး အဲဒီဒေသက တောင်သူတစ်ဦး ပြောတဲ့စကားကို ဖတ်ကြည့်ပါဦး။

"အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားရုံတင်မကဘူး။ ဆန်ပြုတ်သောက်ဆိုရင်လည်း သောက်မယ်"
(ဓနုဖြူမြို့နယ် နှဲကျိုးကျေးရွာအုပ်စုမှ လယ်သမားကြီး ဦးသိန်းအောင်)

ဦးစိုးသိန်း

လက်ရှိသမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ မြန်မာမီနီဆလွန်းကို ဟိုလေးတကြော်ဖြစ်သွားအောင်၊ ကားဟောင်းတွေအပ်ပြီး ကားသစ်တွေ တင်သွင်းတဲ့ကိစ္စနဲ့ ကားဟောင်းပိုင်ရှင်တွေနဲ့ ကားပွဲစားတွေကို ပူစပ်ပူလောင်ဖြစ်အောင် လုပ်ခဲ့တဲ့သူ၊ မြန်မာနိုင်ငံမှာ ရှိသမျှ အဆောက်အအုံ ကြီးကြီးမားမားတွေကို လေလံပစ်ခဲ့တဲ့လူ၊ ရန်ကုန်မှာ ခုံးကျော်တံတားတွေကို ဘယ်နှလအတွင်း အပြီးဆောက်မယ်၊ ဘယ်အချိန်မှာ ပြီးမယ်ဆိုပြီး မစားရ၀ခမန်းပြောပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်အောင် ဖန်တီးခဲ့တဲ့သူ၊ တစ်ချိန်တုန်းက တပ်မတော်အစိုးရကို အတိုက်အခံလုပ်ခဲ့တဲ့ အဖွဲ့အစည်းမှန်သမျှနဲ့ ပုခုံးဖက် ဝေးလေးဝါးလားလုပ်ပြီး ပြုပြင်ပြောင်းလဲရေး သမားလို့ ကင်ပွန်းတပ်ခံနေရတဲ့လူ၊ စတဲ့စတဲ့ သတင်းတွေနဲ့ နာမည်ကြီးပြီးသား ၀န်ကြီးတစ်ဦးပါ။ အခုတော့ သတင်းတွေထဲမှာ တရားဝင်ဖတ်ရသေးတာ မဟုတ်ပေမယ့် သို့လော၊ သို့လော သတင်းတွေအရ ဦးစိုးသိန်း ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တွဲဖက်တာဝန် ပေးအပ်ထားတယ်လို့ သိရပါတယ်။ ကျွန်တော် အတော်ကြီးကို အံ့သြတုန်လှုပ်မိတဲ့ သတင်းပါ။ ဆက်သွယ်ရေးဝန်ကြီးဌာနတော့ ဘယ်လိုတွေဖြစ်ပြီး ကျန်ခဲ့ဦးမယ်ဆိုတာ မတွေးရဲပါဘူး။ အဲဒီ ပြုပြင်ပြောင်းလဲရေးသမားကြီးက ၀န်ကြီးဌာနတစ်ခုလုံးကို ပြုပြင်ပြောင်းလဲပစ်မှာကို ကြောက်နေပါတယ်ဗျာ။ သူအပြုအပြင်ကောင်းလို့ စက်မှုဝန်ကြီးဌာနလည်း ကျီးနဲ့ဖုတ်ဖုတ်ပဲ ကျန်ခဲ့တယ်ဆိုတာ သမ္မတကြီး မသိတာပဲလား၊ သူ့ဘေးက အကြံပေးတွေက မပြောတာလားဆိုတာ မဝေခွဲတတ်တော့ပါဘူးဗျာ။ ကျွန်တော်က ဦးစိုးသိန်းနဲ့ပတ်သက်ရင် မကောင်းရေးတာ များလွန်းတယ်နော်လို့ လာပြောတတ်တဲ့ မိတ်ဆွေတွေ ရှိပါတယ်။ တစ်ချို့ဆို အစိုးရအဖွဲ့ထဲက ရှားရှားပါးပါး ပြုပြင်ပြောင်းလဲရေး ၀န်ကြီးတစ်ဦးကို ဒီလိုပြောရမလားဆိုပြီး ကျွန်တော့်ကိုတောင် အပြစ်တင်ကြပါသေးတယ်။ ကျွန်တော်ဘာမှ ပြန်မရှင်းပြခဲ့ဖူးပါဘူး။ ဒီတစ်ခါတော့ တစ်ခွန်းလောက် ပြောပါရစေ။ ဦးစိုးသိန်းမိသားစုပိုင် ကုမ္ပဏီမှာ စက်မှုဝန်ကြီးဌာနက ပညာရှင်တွေ ဘာကြောင့် ရောက်နေရသလဲ။ အဲဒီပညာရှင်တွေ ထွက်သွားတဲ့အတွက် စက်မှုဝန်ကြီးဌာန ဘာဖြစ်ပြီး ကျန်ခဲ့သလဲ။ တော်ပါပြီဗျာ... ဆက်သွယ်ရေးဝန်ကြီးသစ် အမြန်ဆုံးခန့်အပ်နိုင်ပါစေလို့ ဆုတောင်းရုံမှတစ်ပါး...။

မောင်ဝံသ

နာမည်ရင်းက ဦးစိုးသိန်း။ နိုင်ငံရေးဆောင်းပါးတွေ အစဉ်တစိုက်ရေးခဲ့တဲ့ စာရေးဆရာတစ်ဦးလို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ ဆရာမောင်ဝံသရဲ့ ရှာမှရှားတဲ့ နိုင်ငံရေးသမား စာအုပ်နဲ့ ခေတ်မီနိုင်ငံရေး ဝေါဟာရအဘိဓာန် စာအုပ် ၂ အုပ်ဟာ ကျွန်တော့်ရဲ့ အသည်းစွဲပါပဲ။ အခုထိလည်း ပြန်ဖတ်ရတုန်း၊ သုံးစွဲနေရတုန်းပါပဲ။ အထူးသဖြင့် အခုနောက်ပိုင်း ပြည်သူ့ခေတ်ဂျာနယ်မှာ ပြောချင်လွန်းလို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ကော်လံစားယူပြီး ရေးနေတဲ့စာတွေဟာ ဖတ်စရာ၊ မှတ်စရာတွေ ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို သိခွင့်၊ မြင်ခွင့်ရတဲ့ နေရာတစ်ခုပါ။ ဆရာမောင်ဝံသဆိုတာ စာတွေအများအပြား ရေးသားခဲ့တဲ့လူ၊ ရေးသားနေဆဲလူ၊ အတွေးအမြင်စာအုပ်ကို ထုတ်ဝေတဲ့သူ၊ ပြည်သူ့ခေတ်ဂျာနယ်ကို ထုတ်ဝေသူ၊ စာပေနဲ့စာနယ်ဇင်းကောင်စီမှာ အကြီးအကဲ တာဝန်ယူထားတဲ့သူ၊ အခုနောက်ဆုံး ကင်ဆာရောဂါ ခံစားနေရတာကြောင့် ဆေးကုသမှု ခံယူနေတဲ့သူ၊ စသဖြင့်ပေါ့ဗျာ။

ဟော... အခုတော့ မောင်ဝံသတစ်ယောက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၁၃၀) မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်မှုတွေ သောသောညံအောင် ခံနေရပါရောလား။ ပြောချင်လွန်းလို့ ကဏ္ဍမှာ ရေးသားထားတဲ့ "မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား" ဆိုတဲ့ စာတစ်ပုဒ်ကြောင့်ပါ။ အဲဒီစာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်ဗျာ။ ဆောင်းပါးဟာ အတော်ကောင်းမွန်ပြီး တွေးစရာတွေပေးတဲ့ ဆောင်းပါးလို့ ကျွန်တော်ကခံစားရပါတယ်။ ဒါပေမယ့် အတိုက်အခံကို မထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့လူတွေအတွက် ဆရာ့ဆောင်းပါးထဲက စကားလုံးအချို့ဟာ အရှိုက်ကိုထိုးသလို ဖြစ်သွားတယ်ထင်ပါရဲ့။ နာတယ်ဆိုကတည်းက ထိလို့ပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲဒီဆောင်းပါးလေး သိပ်ကောင်းတယ်ဗျ၊ ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်းပါ။ ပြီးရင်... တ၀ကြီး လွတ်လွတ်လပ်လပ် တွေးပစ်လိုက်စမ်းပါ၊ မြင်ယောင်လိုက်စမ်းပါ၊ အင်မတန်မှကို စိတ်ဝင်စားဖို့ ကောင်းတာကလား။

ဒေါက်တာဆိတ်ဖွား

အပေါ်မှာရေးခဲ့တဲ့ လူတွေအကြောင်းကျတော့ ဘယ်သူတွေဆိုတာ သိသလောက် ပြောခဲ့လေတော့ ဒေါက်တာ ဆိတ်ဖွားဟာ ဘယ်သူပါ ဘယ်ဝါပါဆိုပြီး ကျွန်တော်ကိုဉာဏ်က ပြောတော့မယ်လို့ မထင်လိုက်ပါနဲ့ဗျာ။ ကျွန်တော်လည်း ဒေါက်တာဆိတ်ဖွားကို မသိရပါဘူး။ ဒါပေမယ့် ဒေါက်တာဆိတ်ဖွားကို သိတဲ့လူ ရှိသဗျ။ နေပြည်တော်မှာနေတယ်လို့လည်း အတိအကျပြောတယ်။ ဒါပေမယ့် နာမည်ကိုတော့ မပြောဘူးဗျ။ အကယ်ဒမီဆု ခန့်မှန်းတာ၊ ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ ပတ်သက်ပြီး အ၀ါသတင်း၊ အပြာသတင်းတွေရေးတာ ကျနေတာပဲ။ ဗုဒ္ဓဟူးနံနဲ့ စတယ်တဲ့။ နာမည်ထိပ်ဆုံးစာလုံးကို (ယ၊ ရ၊ လ၊ ၀) ဆိုတဲ့ စာလုံးတွေနဲ့ မှည့်ထားတဲ့လူတွေ မျက်ခုံးလှုပ်ရမယ့်ကိန်းပဲ။ သိနေရင်လည်းဗျာ... ဘယ်သူပါလို့ ပြောလိုက်ပေါ့။ ဒါမှမဟုတ်ရင်လည်း ဘာမျှမပြောဘဲ နေသင့်ပါတယ်။ သူသိထားတယ် ဆိုကတည်းက တစ်ခုခု ရင်းနှီးပတ်သက်မှုတော့ ရှိလို့သာဖြစ်မှာပါ။ ဒေါက်တာဆိတ်ဖွားကလည်း အတိအကျ ရေးထားဖူးတယ်မလား။ မြန်မာပြည်မှာ သူ့ကို သိတဲ့လူ ၅ ဦးပဲ ရှိပါသတဲ့။ အဲဒီထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဆရာလူထုစိန်ဝင်းက သေတဲ့အထိ ဒေါက်တာဆိတ်ဖွား ဘယ်သူပါဆိုတာ ပြောမသွားဘူး။ လေသံတောင် မဟဖူးဘူး။ ဟော.. အခုတော့ ဒေါက်တာခင်မောင်ညိုက သူသိပါတယ်လို့ ကြွေးကြော်လိုက်ပါရဲ့ဗျာ။ နာမည်ကြီးချင်လို့လား၊ ခါတော်မီလုပ်တာလား၊ မကျေနပ်လို့ ချောက်ချတာလား၊ ....လား၊ စသဖြင့်ပေါ့ဗျာ။ ကျွန်တော်တော့ မတွေးတတ်ဘူး။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဆက်ကြည့်ကြတာပေါ့ဗျာ။ အခုလောလောဆယ်တော့ ပြန်ကြားရေးဒုဝန်ကြီးခမျာ သူ့ဆီကိုပဲ အာရုံကျနေကြတော့ အတော်အနေခက်နေပုံပါပဲ။ ဦးရဲထွဋ် ဟုတ်မဟုတ် ဆိုတာကတော့ ဒေါက်တာ ခင်မောင်ညိုကိုပဲ မေးကြည့်ရမယ် ထင်ပါရဲ့နော်။ ဒေါက်တာဆိတ်ဖွားနဲ့ပတ်သက်ပြီး မေးထားတဲ့ အင်တာဗျူးတွေကို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ (အမေးခံထားရတဲ့ သူတွေကတော့ ခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်တာခင်မောင်ညို၊ မှူးဇော်၊ ဦးရဲထွဋ်တို့ပါ) စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။

Facebook မှာသတင်းတွေဖတ်ရင်း "လူကနေတယ်၊ လက်ကမနေဘူး" ဆိုသလိုပဲ မနေနိုင်လွန်းလို့ ရေးဖြစ်တဲ့ ပို့စ်တစ်ခုပါဗျာ။ မနက်မိုးလင်းကတည်းက နည်းနည်း၊ နည်းနည်းစီနဲ့ ထိုင်ရေးဖြစ်တာ အခုမှပဲ ပြီးပါတော့တယ်။ တစ်ဆက်တည်း တစ်ထိုင်တည်း ရေးရတာ မဟုတ်တဲ့အတွက် အတွေးတွေ၊ ခံစားချက်တွေ ပြောင်းလဲသွားပြီး စာဖတ်ရတဲ့အခါ အရသာတွေစုံပြီး စားမကောင်းဖြစ်ခဲ့ရင် နားလည်ပေးကြပါဗျာ။ အခုတော့ ဒီမျှနဲ့ တော်ပါရစေ။ သြော်.. တစ်ခုလောက်ပြောပါရစေဦး။ အပေါ်မှာ ရေးခဲ့တဲ့စာတွေကို ဖတ်ရင်းနဲ့ ကျွန်တော်ကိုဉာဏ်ရဲ့ ရှော်ကွက်တွေ၊ ဟာကွက်တွေ၊ ဟားကွက်တွေ တွေ့ခဲ့မယ်ဆိုရင် အားနာမိပါကြောင်းနဲ့ အပေါ်ကအကြောင်းအရာတွေကို ကျွန်တော့်အနေနဲ့ အဝေးမြင်သက်သက်နဲ့သာ ရေးသားထားခြင်းဖြစ်ကြောင်း ၀န်ခံလိုပါတယ်။ အဝေးမြင် ဖြစ်တဲ့အတွက် မပီဝိုးတ၀ါးနဲ့ မှုန်ကြောင်ကြောင်တွေလည်း ပါသွားနိုင်တာမို့ပါ။ ကျွန်တော်မြင်တဲ့အတိုင်း ရေးလိုက်ခြင်းဖြစ်ကြောင်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၁၆ မိနစ်တွင်ပြီး၏။

http://myanmarthway.blogspot.com/2013/01/blog-post_7687.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်