၁၉၈၂
မြန်မာနိုင်ငံသား ဥပဒေကို အစိုးရအနေဖြင့် ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း
သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၇ ရက်က နော်ဝေနိုင်ငံ၌ ဒီမိုကရက်တစ်
မြန်မာ့အသံ (DVB) မှ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် ထည့်သွင်း
ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်ပြီး အစိုးရကဖြစ်စေ၊
လွှတ်တော်ကဖြစ်စေ ပြန်လည်စိစစ် သုံးသပ်ရန် အစီအစဉ် ရှိပါသလားဆိုသော
မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
နော်ဝေနိုင်ငံတွင် ခုနစ်နှစ်နေပြီးပါက နိုင်ငံသားအဖြစ် ပြုလုပ်ပေးသည်ဟု
သိရကြောင်း၊ သို့သော် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြေအနေချင်း မတူကြောင်း၊
မြန်မာနိုင်ငံ၏ နောက်ခံ သမိုင်းကြောင်း၊ လက်ရှိပကတိ အခြေအနေနှင့်
လူဦးရေအရ နော်ဝေနိုင်ငံနှင့် မတူနိုင်ကြောင်း စသည်ဖြင့် ၎င်းက ပြောသည်။ သမ္မတက
"လောလောဆယ်တော့ ဒီဥပဒေကို အစိုးရပိုင်းက ပြင်ဆင်ဖို့၊ ပြုဖို့ အစီအစဉ်
မရှိပါဘူး။ လွှတ်တော်ကတော့ သိပ်ပြီး ဂဃနဏ မသိဘူး။ ဘယ်လိုသဘောထားကြတယ်
ဆိုတာတော့ မသိပါဘူး။ သို့သော်လည်း ဒီဥပဒေကို လေ့လာကြည့်ရတာတော့ ဒီဥပဒေဟာ
ကိုယ့်နိုင်ငံကို အကာအကွယ် ပေးထားတဲ့ သဘောတွေ တွေ့ပါတယ်။ ပြီးတော့လည်း
ပညာရှိတွေနဲ့ တော်တော်လေး အချိန်ယူပြီး အတွေ့အကြုံတွေပေါ်မှာ ရေးဆွဲထားတဲ့
ဥပဒေလို့ သိပါတယ်" ဟု ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် လည်း
အပစ်အခတ်ရပ်စဲရုံ တစ်ခုတည်းနှင့် မလုံလောက်ကြောင်း၊ မကြာမီ နိုင်ငံရေး
တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းအတွက်
အစိုးရက ကမကထပြု ဆွေးနွေးခြင်းမျိုး မဟုတ်ဘဲ အစိုးရ အဖွဲ့အစည်း၊
လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ တိုင်းရင်းသား
ခေါင်းဆောင်များ၊ လူမျိုးစုကိုယ်စားလှယ်များ ပါဝင်မည့် လွှတ်တော်မှ
ဖွဲ့စည်းသည့် အဖွဲ့ဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း
ပြည်တွင်းပဋိပက္ခများနှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက
ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်
သောမတ်စ်အိုဟေးကင်တားနားက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့
လာရောက်စဉ် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်နှင့်
တိုင်းရင်းသားဖြစ်မှုနှင့် ကိုးကွယ်သည့် ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှု
မရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တိုက်တွန်းကြောင်း
ပြောဆိုခဲ့မှုအပေါ် ယင်းဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏
အန္တရာယ်ကို ကာကွယ်ပေးထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များနှင့် တိုင်းရင်းသားများက
ပြန်လည် ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော
အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း ယင်းဥပဒေကို ပြင်ဆင်ရန်အတွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆိုတင်သွင်းခဲ့ပြီး
ကန့်ကွက်မဲ များသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီက ယင်းဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်း ရေးဆွဲခဲ့ခြင်း
ဖြစ်ပြီး ပြည်သူလူထုကို ချပြကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော
ဥပဒေတစ်ခုဖြစ်ကြောင်း အဆိုနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ၂၀၁၃
ခုနှစ် မတ်လ ၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.