Pages

Sunday, March 31, 2013

အဆဲခံပြီး ရေးလိုက်သည်၊ ကိုဉာဏ် (ပန်းလောင်မြေ)

(က)
 
အစိုးရကလည်း ပြောချင်တာလေးရှိရင် ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
မြန်မာ့တပ်မတော်ကလည်း လိုချင်တာလေးတွေကို ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
နိုင်ငံရေးသမားတွေကလည်း ကိုယ်ပြောချင်တာတွေကို ဟိုတစ်စဒီတစ်စ ထုတ်နုတ်ကိုးကားပြောကြတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
လမ်းဘေးကကောင်ကလည်း သူသောက်တလွဲလုပ်သမျှ အမှန်ဖြစ်ကြောင်း အကိုးအကားလေးနဲ့ ပြောရှာတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
အခုနောက်ဆုံး... စတုတ္ထမဏ္ဍိုင်ဆိုတာကြီးတွေကပါ ကျန်တဲ့မဏ္ဍိုင်တွေကို တစ်ခုခုဝေဖန်ချင်ရင် ထုတ်နုတ်ကိုးကားလေးနဲ့ သာသာနဲ့နာနာ နှက်ကြတယ်...
ဒါပေမယ့် အပြည့်အစုံတော့ မပြောကြဘူး။
ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်တော့လည်း အကိုးကားခံရပြန်တာပဲ...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
...............................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
.......................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။

...............................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။ 

တောက်... တော်သေးတာပေါ့ကွာ...
 
ငါတို့ဗိုလ်ချုပ်၊ ငါတို့အောင်ဆန်း၊ ငါတို့တေဇ၊ ငါတို့ထိန်လင်း အသက် ၃၂ နှစ်မှာ သေသွားရှာလို့။ အခုခေတ်လူတွေ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ် ပြောခဲ့တဲ့စကား ကိုးကားလိုက်ပုံများ ဘုရားရှင် ဟောပြောခဲ့တဲ့ တရားဓမ္မတွေကိုတောင် ဘေးဖယ်ထားတဲ့အထိ။ မသိရင် အောင်ဆန်းဆိုတဲ့ လူကပဲ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး အမျိုးမျိုး ပြောခဲ့သလို ဖြစ်ဦးမယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ချာတွက်တာကို ပြန်သတိရမိတယ်။ မေးထားတဲ့သင်္ချာပုစ္ဆာက အဖြေဘယ်လောက်ဆိုတာ သိနေတဲ့ အချိန်မျိုးပေါ့။ လူတိုင်း မဟုတ်ပေမယ့် ကျွန်တော့်လိုမျိုး အချို့အချို့သော လူလည်ကျောင်းသားများက သင်္ချာကို ပြောင်းပြန်တွက်ကြတယ်။ သူ့အဆင့်နဲ့သူ အဆင့်ဆင့် တွက်လာလို့ရှိရင် သိနေတဲ့အဖြေ မရမှာစိုးတဲ့အတွက် သိထားတဲ့အဖြေကနေ နောက်ပြန် ပြန်တွက်တာမျိုးပါ။ အကြောင်းတိုက်ဆိုင်တဲ့လူတွေ ကျွန်တော်ပြောချင်တာကို နားလည်ပါလိမ့်မယ်။ အခုလည်း ကျွန်တော်ငယ်ငယ်ကလိုမျိုး လူစားတွေ အများကြီးပါလားဆိုတာ တစ်နေ့တစ်ခြား သိလာရတယ်။ သွယ်ဝိုက်မပြောတော့ဘူး.... တဲ့ထိုးပြောမယ်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့လို့၊ ဒီလိုလမ်းညွှန်ခဲ့လို့ လုပ်နေကြတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်... ဒါပေမယ့် သိပ်ရှားတယ်။ အားလုံးနီးပါးဟာ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ်ပြောတဲ့ဟာတွေကို ပြန်ကိုးကားပြီး တရားခံရှာနေကြတယ်။ ဗိုလ်ချုပ်ပြောတဲ့အတိုင်း လုပ်ကြတာမဟုတ်၊ ကိုယ်လုပ်ချင်တာကို ဗိုလ်ချုပ်စကားနဲ့ ကာဗာလုပ်ကြတာပါ။ မျက်နှာဘေးကဖြတ်သွားတဲ့ ခဲလုံးကိုမြင်ပြီး အား..... ဟု အော်မည့်သူများ၊ ဆွာရက်ဇ်ကဲ့သို့ အခြားကစားသမား၏ ခြေထောက်မြင်လိုက်ရုံနှင့် လဲကျမည့်သူများ၊ လက်နှင့်တောင် မတို့ရသေးဘဲ ဟီးခနဲ ငိုချင်နေသည့် ကလေးစိတ်မကုန်သေးသူများ အားလုံးအားလုံး ပေါက်ကွဲနိုင်ကြပါပြီ။ ကျွန်တော်ရေးခဲ့သည်များကြောင့် တည့်တည့်တကယ်ထိမှန်၍ နာသွားသောသူများကိုမူ အားနာပါကြောင်း ပြောပါရစေ။
 

ရုပ်ရှင် အစည်းအရုံးမှ မိတ္ထီလာရှိ ဒုက္ခသည်များသို့ သွားရောက် ကူညီမည်

 
ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာ အဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ မိတ္ထီလာကို သွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်းဖို့အသင့်ပါပဲ” ဟု မတ်လ ၃၀ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ကမ္ဘာကျော် Michael Learns to Rock အဖွဲ့သည် လေးဆူး ဓါတ်ပုံ မြတ်ရွှေတိဂုံ စေတီတော်သို့လာရောက် ဖူးမြော်ကြည်ညိုပြီး ဗုဒ္ဓမြတ်စွာဘုရား ၏ မေတ္တာရိပ်ကို လာရောက် ခိုလှုံစဉ်



နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောပေမယ့် မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့ ဆိုသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်တွေ့ဆုံခြင်း

လတ်တလော ဖြစ်ပွားနေသော ဘာသာရေး လူမျိုးရေး အကြောင်းပြ၍ ပဋိပက္ခများ အဓိကရုဏ်း များ ဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အား တွေ့ ဆုံမေးမြန်း မှုများအား ဖေါ်ပြလိုက်ပါသည်။

မေး။ ။အခု အဓိကရုဏ်းတွေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဘ ဘယ်လိုမြင်မိလဲ

ပဋိပက္ခက မိတ္ထီလာ ရွှေဆိုင်တစ်ဆိုင်ကနေ စတယ်။ အဲ့ဒီမှာ ခံရတဲ့ဘက်က ဗုဒ္ဒဘာသာတွေက ရပ်တယ် အဲ့ဒီအပြင် သံဃာတစ်ပါးနဲ့ ပတ်သက်ပြီး တစ်ဖက်က ကိုင်တွယ်မှုအပေါ်မှာ ကိုင်တယ်မှုအပေါ်မှာ ခံပြင်းရာကနေ သာမန် ခိုက်ရန်ဖြစ်ပွားမှုက စပြီး ဘာသရေးအဓိကရုဏ်း ဘာသာရေးအုပ်စု မတူခြားတဲ့ အသွင်း အဓိကရုဏ်းဖြစ်ပြီး ခု အပြစ်မဲ့တဲ့သူတွေပါ သေရတာပေါ့ မီးလောင်ပြီးတော့ အိုးအိမ်တွေ ဆုံးရှုံးရတာပေါ့။ ဒါတွေက မလိုလားအပ်တဲ့ ဖြစ်ရပ်တွေပါ။ ဒီဖြစ်ရပ်တွေကို ကြည့်တဲ့အခါမှာ အခုလက်ငင်းပေါ်ပေါက်တဲ့အကြောင်းတွေ ကြည့်လို့မရဘူး အရင်းအခံအကြောင်းကို ကြည့်ရမယ်။ အရင်းခံအကြောင်းတွေထဲမှာ ဘာလဲ ဆိုတော့ ဧည့်နိုင်ငံသားလို့ နိုင်ငံသားပြုခွင့်ရတဲ့သူတွေ၊ ဧည့်သည်တွေက အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ကလည်း ဧည့်သည်ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်။ အဲ့ဒါက နှစ်ရှည်လများ ဧည့်သည်က အိမ်ရှင်အပေါ်မှာ စီးပွားရေး မညီမျှမှုတွေ ၊ လူမှုရေး မမျှတမှုတွေ လုပ်လာတဲ့ အခါကြတော့ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ခံပြင်းတဲ့ နာကျည်းမှုတွေရှိလာတာပေါ့။ ခုလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေါ်ပေါက်လာတဲ့ အရေးအခင်းတွေက စပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေဖြစ်လာတာ။ ဒါကတော့ သာမန်လူထုဟာပေါ့ နောက်တစ်ခုက နိုင်ငံအရေးရ စဉ်းစားရမှာက ခေတ်ဟောင်းမှာ အခွင့်အရေးရပြီးတော့ အဏာကိုအကြောင်းပြပြီး စည်းစိမ်းဥစ္စာကို ရှာနိုင်ခဲ့တဲ့ အင်အားစုပေါ့ ဒီအင်အားစု တွေကလည်း သူတို့ရဲအခွင့်အဏာတွေဟာ ပြောင်းလဲရေးလုပ်လာရင် လျော့နည်းတော့မှာကိုး၊ ဆုံးရှုံးတော့မှာကိုး၊ အဲ့တော့ သူတို့မှာ ရှိတဲ့ ငွေကြေးနဲ့ သူတို့သြဇာကို သုံးပြီးတော့ သူတို့ အားကောင်းတဲ့ နေရာတွေမှာ မိတ္တီလာတို့လို မြင်းခြံတို့လို နေရာတွေမှာ အားစမ်းတာ မျိုး လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ နှစ်ပေါင်း၂၀ လုံးမှာ သပိတ်စုံ သူပုန်ထ လာခဲ့ပြီးတော့ လမ်းပေါ်ထွက် လမ်းပေါ်က နိုင်ငံရေးကိုပဲ လုပ်တတ်ကိုင်တတ်တဲ့ သူတွေကလည်း ခုလို အခွင့်အရေးအခါအခွင့်ပေါ်လာတဲ့ အခါမှာ နဂိုအခံနဲ့ ၀င်လုပ်တာလည်း ရှိတာပေါ့ ဒါတွေနဲ့တ်စက်ပြီး ကော်မရှင်က သတိပေးတာ ရှိတယ် နိုင်ငံရေးပါတီတွေ မပါဝင်ဖို့၊ ။ ဇီးကုန်းဘက်သတင်းကို ကြားရတဲ့အခါ နိုင်ငံရေးပါတီအချို့ က မေးမြန်းစုံစမ်းခံရမယ်ဆိုတဲ့အဆင့်ရောက်နေတဲ့ သတင်းတွေကြားရတယ်။ အဲ့တော့ အခုအရေးအခင်းက ရိုးရိုးပြောလိုက်ရင် တိုင်းပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်းတီးပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှေးကွေးအောင်လုပ်ချင်တဲ့အင်အားစုနဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးအဏာ အတွက် တိုင်ပြည်မတည်ငြိမ်မှ အလုပ်ဖြစ်မယ်ထင်တဲ့ နိုင်ငံရေးအတွေးအခေါ်မျိုးနဲ့ ၀င်ရောက်လုပ်နေတဲ့ အင်အားစုတွေပေါ့ အားလုံး လာပြီး ပေါင်းစပ် မိတယ်လို့ ပြောရမယ်။ တိုင်းပြည်က လူမျိုးရေး စစ်ပွဲ၊ ဘာသာရေး ဂိုဏ်းဂဏ စစ်ပွဲတွေကြောင့် ခေတ်နောက်ကျခဲ့ပြီ အဲ့ဒီအခြေအနေဆိုး တွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ အခု ဘာသာရေး အဓိကရုဏ်းဖြစ်တာ မလိုလားဘူး။ အဲ့တော့ တရားဥပဒေစိုးမိုးရေးကို တို့ပါတီအနေနဲ့ အဏာပိုင်တွေက ဖိတ်ခေါ်ရင် တို့ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ပေးမယ်။ မဖိတ်ခေါ်ရင်လည်း လူထုအသိပေးတဲ့ စည်းရုံးလှုံဆော်တဲ့ နည်းနဲ့ လုပ်သွားမှာပဲ။

စိုးသူ ဖျော်ဖြေပွဲမှမြင်ကွင်းများ




Saturday, March 30, 2013

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိ

 
 
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆို သည်။

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်ထက်ကတည်းက Road Map(၇)ချက် အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး ဒီမိုကရေစီ စည်းဝိုင်း ထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ ၂နှစ်ကျော် ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြော ဆိုသည်။

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ပေါ်နေခြင်းမှာ တပ်မတော် မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟုအင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေ မှုမှာ မှန်ကန်ခြင်းမရှိဟု ၄င်းက ဆိုသည်။

မိုဘိုင်းဖုန်းဆင်းမ်ကတ်ဈေး ကျပ်နှစ်သောင်းသတင်း မဟုတ်မှန်

တန်ဖိုးနည်းဖုန်းဆင်းမ်ကတ်ရောင်းချမည့်နှုန်းထားအတိအကျ မသတ်မှတ်ရသေးကြောင်းယင်းဆင်းမ် ကတ် များ ကိုသင်္ကြန်ကာလ အပြီး တွင် စတင်ရောင်းချမည်ဟုမိုဘိုင်းဆက် သွယ်ရေးဌာနမှဒုတိယ မိုဘိုင်းအင်ဂျင် နီယာချုပ်ဦးစိုးအောင် ကအတည်ပြု ပြောကြား လိုက် သည်။

လက်ရှိထွက်ပေါ်နေ သည့် ကျပ်နှစ်သောင်းဖြင့်ရောင်ချ မည်ဆိုခြင်းမှာမှန်ကန်မှုမရှိကြောင်း မိမိတို့ဌာန အနေဖြင့် ဈေးနှုန်း နှင့် ရက် အတိအကျတစ်စုံတစ်ရာမသတ်မှတ်ရ သေးကြောင်းသိရသည်။

''ရောင်းမယ့်ရက်က တော့ အခုပုံနဲ့ဆိုရင်သင်္ကြန် အပြီးလောက်ဖြစ် သွားမှာပဲ၊ကျွန်တော်တို့ တ ကယ် ရောင်းရင် မီဒီယာကနေ  တရား ဝင်ထုတ်ပြန် ကြေငြာမှာပါ၊ အခုထိတော့ ဘာမှ ညွှန် ကြား ချက်မလာ သေးတော့ ပြောလို့မရသေးပါဘူး'' ဟုပြောသည်။ ယခင်က တန်ဖိုး နည်း ဖုန်းဆင်းမ် ကတ်များ ကိုဧပြီ၁ရက်နေ့ မှစတင်၍ထောင်ဂဏန်းမျှဈေးနှုန်း ဖြင့်သာ ရောင်းချပေးမည် ဟု နိုင်ငံတော် သမ္မတ ရုံးမှ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိမ်း က ပြောကြားခဲ့သည်။

YMG

အမွှေဆရာ မစ္စတာကင်တန်းနား မွှေပြန်ပြီ



အမွှေဆရာ မစ္စတာကမ်းနာသစ်ပင် ပြောတာက လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရ ရှိကြောင်းနှင့်

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

ကဲဒီလူ ပြောတဲ့အတိုင်း အစိုးရကလုပ်ပေးရမှာလား ဦးရဲထွဋ်ကတော့ ပြန်ပြီးချေပထားတယ်ဦးရဲထွဋ်ပြော တာကမစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြား သတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင် များ၊ လူမှုအဖွဲ့ အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက် တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့်  တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လ သွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက  “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်းရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည် ယင်း ညှိနှိုင်း အစည်းအဝေး ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ လာမည်


အမေရိကန် ပြည်ထောင်စု၏ ၃၉ ဦးမြောက် သမ္မတဖြစ်သည့် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ ဧပြီလဆန်းပိုင်းတွင် ပထမဆုံးအကြိမ် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သမ္မတဟောင်း၏ မတ်လ ၂၉ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြု ပြောကြားခြင်းမရှိပေ။ ဂျင်မီကာတာသည် ၎င်း၏ ကာတာစင်တာ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးအပ်ရန် လေ့လာသွားမည် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကာတာစင်တာ၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အာရှနှစ်ပတ်လည် ညီလာခံ သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်မြို့တော်တွင် ဧပြီ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှနှစ်ပတ်လည် ညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က သတင်း ထုတ်ပြန်ထား သည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ မကြာမီ သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် သမ္မတဦးသိန်းစိန်သည် အသစ်တက်လာသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ခေါ်ချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နှစ်ပတ်လည် အလည်အပတ် ခရီးစဉ်အဖြစ် ညီလာခံမတိုင်ခင် သို့မဟုတ် ညီလာခံအပြီးတွင် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်သည်။

သဲကုန်းမြို့နယ်၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရ


ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ပုတီးကုန်းကျေးရွာအုပ်စု ပုတီးကုန်းဘူတာ ရထားသံလမ်းဘေးရှိ ဆိုင်အချို့အား မတ် ၂၈ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လူအုပ်စုများက ဝင်ရောက်ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ အလားတူ ပုတီးကုန်းကျေးရွာအုပ်စု ရွှေပြည်အေး ရပ်ကွက်၌လည်း နေအိမ်နှစ်လုံးအား ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် လူအုပ်စုများက ဝိုင်းဝန်း ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သိရသည်။

ထို့ပြင် မြို့မ(၁)လမ်းရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအနီးသို့ ည ၁၁ နာရီခွဲခန့်တွင် လူအုပ်စုများ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေးအဖွဲ့က တားဆီးပြီး သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လူစုကွဲသွားကြောင်း၊ ထို့အတူ သဲကုန်းမြို့ အမှတ်(၁) ရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံ တစ်လုံးအနီးသို့ ည ၁၀ နာရီခွဲခန့်တွင် လူအုပ်စုများ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သံဃာတော်များ၊ ရပ်ကွက်ရှိ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က လူစုခွဲခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း သိရှိရသည်။ အလားတူ အင်းမကျေးရွာအုပ်စု ဈေးလမ်း၌ လူစုလူဝေးများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့က သွားရောက်တားမြစ် လူစုခွဲခဲ့ရာ မတ် ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် လူစုကွဲသွားကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် ဈေးဆိုင်ခန်း လေးခန်း၊ နေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဟန်းဆက်ဈေး မကစားရေး ဆောင်ရွက်မည်ဟု သမ္မတပြောကြား

တန်ဖိုးနည်း ဖုန်းကတ်များ မကြာမီ ရောင်းချချိန်တွင် ဟန်းဆက်ဈေးနှုန်းများကိုလည်း ပုဂ္ဂလိကမှ ဈေးကစား မြှင့်တင်ခြင်းများ မပြုလုပ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသည်။ နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်းလ်ဖုန်း ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ပြောကြားခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မိုဘိုင်းလ်ဖုန်း ရှစ်သန်း ရောင်းချမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။

ယခင်က မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ ဈေးနှုန်း မြင့်မားနေခြင်းမှာ နိုင်ငံအတွင်း အခြေခံအဆောက်အဦများ မလုံလောက်ခြင်းကြောင့်ဖြစ်ပြီး ယခုအချိန်တွင် လိုအပ်သော အခြေခံအဆောက်အဦ တိုးချဲ့တပ်ဆင်ထားပြီးဖြစ်၍ မိုဘိုင်းလ်ဆင်းကတ်များကို ဈေးသက်သာစွာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။ သို့သော် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချတော့မည်ဆိုသည့် ဆင်းကတ်ဈေးနှုန်းနှင့် ပတ်သက်၍ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ အသေးစိတ်ကို မြန်မာ့ဆက်သွယ်ရေးက ကြေညာပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

 
 
မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုnကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက် တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ် ပွားခဲ့ကာ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ


တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက် ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေ ယာဉ် များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Channel NewsAsia

http://www.planet.com.mm/news/read.cfm/id/21305

ဆက်သွားချင်သေးတယ် ဆိုရင်