သည်ဆောင်းပါးရဲ့ အရင်းခံ
သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက်
အရှေတောင်အာရှသတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းက
ပြန်လည်အင်တာဗျူး လုပ်ထားတဲ့ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့
သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး
စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဂျာနယ်တချို့မှာလဲ
မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။
ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက
အတွေးနယ်ချဲ့မိတာ ဖြစ်ပါတယ်။ သူက ဘယ်လိုပြောထားလဲဆိုရင် “တကယ်လို့ NLD သာ
အစိုးရအဖွဲ့ထဲ ရောက်သွားပြီဆိုရင် သူတို့မှာ အဲဒီအစိုးရအလုပ်ကို
လုပ်နိုင်မယ့် လူအင်အားရှိမှာလား၊ ကျွန်မတော့ သိပ်မထင်မိပါဘူး” တဲ့ဗျာ။
အသေးစိတ်ကိုတော့ ရှာဖွေဖတ်ကြည့်ကြပါတော့။
အဲဒီအစကို အခြေခံပြီး ကျွန်တော်ဆက်ဆွေးနွေးပါမယ်။
ကျွန်တော်တို့နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀မှာ နှစ်ပေါင်းတစ်ရာကျော်
နေခဲ့ရတယ်။ ၁၈၂၄နဲ့ ၁၈၅၂ မှာ မြန်မာပြည် အောက်ပိုင်းတစ်ခြမ်းလုံး
ပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ ခုနှစ်
ဒိုင်အာခီအုပ်ချုပ်ရေး ပေါ်လာတော့မှ မင်းတိုင်ပင်အမတ်လို့ခေါ်တဲ့
လူထုမဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်တဲ့ စနစ်ကို စတင်မိတ်ဆက်ရတယ်။
မြန်မာပြည်ကို အပြီးသိမ်းပြီးချိန်ကစလို့ အိန္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ်
သွတ်သွင်းထားရာက ၁၉၃၇ ခုနှစ်ကျမှ သီးခြားနိုင်ငံအဖြစ်ခွဲပြီး
ဘုရင်ခံတစ်ယောက်ကို ဦးစီးအုပ်ချုပ်စေခဲ့တယ်။ အုပ်ချုပ်ပုံစနစ်က
ဟုမ်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ထက် တစ်ဆင့်နိမ့်သေးတဲ့ ၉၁ ဌာန
အုပ်ချုပ်ရေးပုံစံ ဖြစ်တယ်။ ဒေါက်တာဘမော်တို့ ဦးပုတို့ ဂဠုန်ဦးစောတို့
ဝန်ကြီးချုပ်ဖြစ်ခဲ့ကြတယ်ဆိုတာ အဲဒီ ၉၁ ဌာန အုပ်ချုပ်ရေး ပုံစံထဲမှာပဲ
ဖြစ်ခဲ့ကြတာပါ။ အဲဒီအတိုင်း စခန်းသွားနေရာကနေပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပြီး
ဂျပန်ဝင်လာကာ နိုင်ငံရေး ချိန်ခွင်လျှာတွေပြောင်းပြီး နောက်ပိုင်းကျတော့
သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေရဲ့
ခေတ်ဖြစ်လာတယ်။ သည်လိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ပြည်သူတွေရဲ့၊ ပြည်သူတွေ ရွေးကောက် တင်မြှောက်တဲ့
ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပါလီမန်ဒီမိုကရေစီနဲ့ ပါလီမန်အစိုးရ
ပေါ်လာတယ်။ ပါလီမန် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခွင့် ရခဲ့တယ်။
လွတ်လပ်ရေးခေတ်ဦး အစိုးရအာဏာ ရလာသူတွေဟာ တို့ဗမာအစည်းအရုံးဝင် သခင်တွေ
အများစုဖြစ်တယ်။ သူတို့ဟာ နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး ရဲရဲတောက်
နိုင်ငံရေးလှူပ်ရှားမှု အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဖက်ဆစ်ဂျပန်ခေတ် ၁၉၄၃
သြဂုတ် ၁ ရက်နေ့မှာ ဂျပန်စစ်တပ်က ဖွဲ့စည်းပေးတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ
ဆင်းရဲသား (ဓားမပါတီ)က ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ နိုင်ငံရေးသမား
ဝါရင့်ကြီးတွေနဲ့ ပူးတွဲပါဝင်ခဲ့ကြဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊
သခင်သန်းထွန်း စသူတွေဟာ ဂျပန်ခေတ်အစိုးရမှာ ၀န်ကြီးတွေ ဖြစ်ခဲ့ကြတယ်။
အစိုးရအာဏာရ အဖွဲ့အစည်းကို တို့ဗမာ ဆင်းရဲသား အစည်းအရုံးကြီးလို့
ခေါ်တွင်စေပြီး အဆင့်ဆင့်သော အုပ်ချုပ်ရေးရာထူးတွေ၊ ရဲအဖွဲ့ရာထူးတွေမှာ
ဓားမတွေနဲ့ သခင်တွေ အာဏာခွဲဝေ ယူခဲ့ကြဖူးတယ်။ သို့သော် ဖက်ဆစ်ဂျပန်ကို
ပြန်တော်လှန်တဲ့ အခါကျတော့ ဓားမတွေ မပါတော့ဘဲ သခင်တွေနဲ့
ရဲဘော်သုံးကျိပ်တွေပဲ ပါဝင်ခဲ့ကြတယ်။ သည်လိုနဲ့ တော်လှန်ရေးအပြီး အင်္ဂလိပ်
ပြန်ဝင်လာတော့ ပထမဆုံး သူတို့အလိုတော်ရိ နိုင်ငံရေး လက်ဟောင်းကြီးတွေနဲ့
အစိုးရဖွဲ့ပြီး အုပ်ချုပ်ခိုင်းသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မဟန်တော့မှ
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ကြီးကို အာဏာခေါ်ပေးရပါတယ်။
သည်တော့ သခင်တွေနဲ့ ဖက်ဆစ်တော်လှန်ရေးသမား ဟောင်းတွေဟာ အစိုးရအာဏာ
ရကြပြန်တယ်။ အဲဒီကနေ လွတ်လပ်ရေးရတော့လည်း သည်လူတွေထဲက အများစုပဲ
အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာကြတာပါပဲ။ သူတို့ထဲက အများစုဟာ
နိုင်ငံရေးသမားကောင်းတွေ ဖြစ်ရုံမက အုပ်ချုပ်ရေး အမြော်အမြင် ရှိသူတွေလည်း
ဖြစ်တယ်ဆိုတာ သူတို့သက်တမ်းအတွင်း ပြည်တွင်းစစ်ကြီး ဗလောင်ဆူနေတဲ့ကြားက
မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို လေ့လာနိုင်ပါတယ်။ သို့ပေမယ့်
အထိအနာဆုံးကတော့ ဖဆပလကြီး နှစ်ခြမ်းကွဲပြီး ငါးကြင်းသားကို မြေခွေးက
အပိုင်စီးခံလိုက်ရခြင်းပါပဲ။
နှစ်ငါးဆယ်နီးပါး စစ်အစိုးရ အုပ်ချုပ်ရေး
ပါလီမန်ဒီမိုကရေစီစနစ်ဟာ ၁၄ နှစ်ပဲ သက်တမ်းရှည်လိုက်တယ်။ စစ်ခေါင်းဆောင်
ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်သွားခဲ့ရတယ်။ အဲဒီ ၁၉၆၂
ကစပြီး နာမည်အမျိုးမျိုးနဲ့ စစ်အစိုးရတွေရဲ့ အမိန့်ပေးစနစ်နဲ့
အုပ်ချုပ်မှုအောက်မှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးပါးကြာခဲ့ပါသဗျာ။ အခု
၂၀၁၁ခု မတ်လက စပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့
အစိုးရသည်ပင်လျှင် ယခင်အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု
ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်းထားကြတာ ဖြစ်တယ်ဆိုတဲ့ အနေအထားကို
ငြင်းလို့မရသေးဘူးဗျ။
အဲဒီစစ်အစိုးရအဆက်ဆက် လက်အောက်နေခဲ့ရတဲ့ ကာလအတွင်း ကျွန်တော်တို့နိုင်ငံရဲ့
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်တွေ
ဖွံ့ဖြိုးတိုးတက်ခဲ့သလား၊ ဆုတ်ယုတ်ကျဆင်းခဲ့သလား ဆိုတာကိုတော့ ကျွန်တော်
စစ်တမ်းထုတ် မပြလိုတော့ဘူးဗျ။ များစွာသော ပြည်သူထူထု အားလုံးလိုလို
ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ကြရပြီး ဖြစ်တဲ့အပြင် ပိုင်းခြားစိတ်ဖြာ
သုံးသပ်သူ ပညာရှင်များက ရှုထောင့်မျိုးစုံကကြည့်ပြီး ပြောဆိုရေးသား
တင်ပြခဲ့ကြပြီဖြစ်လို့ ကျွန်တော်က စကားတန်ရှည်ပြီး ၀ိတ္ထာရ ချဲ့နေစရာ
မလိုတော့ဘူးထင်တယ်ဗျ။
အုပ်ချုပ်ရေး ကိုင်တွယ်နိုင်စွမ်း ရှိကြပြီလား
ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက အခုလို ကျွန်တော်တို့နိုင်ငံမှာ
ပြည်သူတွေက နိုင်ငံတော်အာဏာကို အမှန်တကယ် ပိုင်စိုးတဲ့ ဒီမိုကရေစီစနစ်
တစ်ကျော့ပြန် ရှင်သန်လာဖို့ အားယူနေတဲ့အချိန်မှာ ပြည်သူလူထုရဲ့
တပ်ဦးနေရာမှာ ရှိနေကြတဲ့ အဆင့်ဆင့်သော ပြည်သူ့ခေါင်းဆောင်
လူထုခေါင်းဆောင်များဟာ နိုင်ငံတော်ရဲ့ အရေးအရာများကို
ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ (တစ်နည်း) နိုင်ငံတော်အာဏာကို
ပါးနပ်လိမ်မာစွာ ကိုင်တွယ် သုံးစွဲနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီလား။
ဒါမှမဟုတ် မရှိသေးဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်တယ်ဗျ။ ဒီကနေ့
အတိုက်အခံလို့ ခေါ်ဝေါ်သုံးနှုန်းခြင်း ခံနေကြရတဲ့
နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော် အာဏာရဲ့ အဓိက မဏ္ဍိုင်ကြီး
သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို
စေစားမောင်းနှင်ရမယ့် နေရာများကို ရောက်လာကြတဲ့အခါ
နိုင်ငံတော်အကျိုးစီးပွားဆိုတဲ့ ပန်းတိုင်ဆီသို့ လမ်းချော်တိမ်းစောင်းခြင်း
မရှိစေဘဲ မောင်းနှင်နိုင်စွမ်း ရှိကြပြီလား၊ အဲဒီလို အရည်အချင်းတွေကို
ပိုင်ဆိုင်ထားဖို့ကော လေ့ကျင့်ပြင်ဆင် ထားကြရဲ့လား ဆိုတဲ့မေးခွန်းဟာ
ဒီကနေ့ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်လာပြီလို့ ကျွန်တော်ယူဆတယ်ဗျ။
ကမ္ဘာပျက်ခါနီး လူလာဖြစ်ရသလို
ကျွန်တော် ဒီကိစ္စကို စဉ်းစားဖြစ်ခဲ့တာရဲ့ အကြောင်းရင်းက
နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံရေးကို အဖွဲ့အစည်း တစ်ခုထဲက အပိုင်စီးထားတာ
ခံခဲ့ရတဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြရတဲ့ အရပ်သား အတိုက်အခံ
ခေါင်းဆောင်တွေအတွက် နိုင်ငံတော်အာဏာ သုံးရပ်ဆိုတဲ့ ကိစ္စဟာ
ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကလို “ကမ္ဘာပျက်ခါနီးမှ
ယောင်တီးယောင်န လူလာဖြစ်ရသူကဲ့သို့” ဆိုသလို ဖြစ်နေလောက်တယ်လို့
တွေးတောခဲ့မိခြင်း ဖြစ်တယ်ဗျ။ နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံအုပ်ချုပ်ရေး
ကိစ္စတွေကို စစ်ဗိုလ်တွေကပဲ လုပ်ကိုင်ဆောင်ရွက် လာခဲ့တာဆိုတော့
ကျွန်တော်တို့ အရပ်သားတွေဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေလို
စစ်ဗိုလ်တွေရွှေ့တဲ့ နေရာမှာပဲ မလှုပ်မရှား နေတတ်တဲ့အလေ့အထက
အရိုးစွဲနေခဲ့ပြီဗျ။ စစ်အစိုးရခေတ် ကနဦးပိုင်းမှာ အရပ်ဘက်
အုပ်ချုပ်ရေးပညာရှင်တွေ၊ ဥပဒေပြုရေး ပညာရှင်တွေ၊ တရားစီရင်ရေးပညာရှင်၊
ပညာရေးသမား ပညာရှင်တွေကို အထိုက်အလျောက် နေရာပေးခဲ့သေးပေမယ့်
စစ်အစိုးရသက်တမ်း ရင့်ညောင်းလာတာနဲ့အမျှ နယ်ပယ်ကဏ္ဍ အားလုံးရဲ့ ထိပ်ဆုံးက
နေရာတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကချည်း သိမ်းပိုက်လာခဲ့ကြတာမို့
အဲဒီပညာရှင်တွေဟာလည်း နိုင်ငံခြား ထွက်သူတွေထွက်၊ မထွက်ဘဲ ပြည်တွင်းမှာ
ပေတေပြီး နေသူတွေဟာလည်း သံချေးတက် အသွားတုံး “ဓားမ,တုံး”တွေ
ဖြစ်ကုန်ခဲ့ကြတာ ဖြစ်တယ်ဗျာ။ အဲဒီခေတ်မှာ လူပြောများတဲ့ နေနည်း
ထိုင်နည်းတွေတောင် ပေါ်ခဲ့သေးတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ “ခေါ်ရင်သွား၊
ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ “ခသုံးလုံး” နဲ့ “မလုပ်၊ မရှုပ်၊ မပြုတ်”
ဆိုတဲ့ “မသုံးလုံး” တဲ့ဗျ။
အတိုက်အခံဆိုတာ နောက်တက်မယ့် အစိုးရလောင်း
အခု ကျွန်တော်တို့နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင်
(opposition leader)၊ NLD ကို အတိုက်ခံပါတီ (main opposition party)လို့
နိုင်ငံခြားက စာနယ်ဇင်းတွေမှာ ခေါ်ဝေါ်သုံးစွဲနေကြပေမယ့် ကျွန်တော်တို့ဆီက
အတိုက်အခံ ဆိုတာဟာ အနောက်ကမ္ဘာဆီက အတိုက်အခံဆိုတာနဲ့ မတူဘူး ဆိုတာကို
စေ့စေ့စပ်စပ် လေ့လာထားသူတွေ သိကြတယ်ဗျ။ သူတို့ဆီမှာက အတိုက်အခံ
ခေါင်းဆောင်ဆိုတာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတစ်ခုခုမှာ အနိုင်ရပြီး သမ္မတ
သို့မဟုတ် ၀န်ကြီးချုပ် ဖြစ်လာနိုင်တဲ့သူ၊ အတိုက်အခံပါတီ ဆိုတာလည်း
အာဏာရပါတီ ဖြစ်လာနိုင်တဲ့ပါတီ ဖြစ်တယ်ဗျ။ ဒါကြောင့် အတိုက်အခံခေါင်းဆောင်၊
အတိုက်အခံပါတီတွေဟာ ကိုယ်အာဏာရနေချိန်မှာ နိုင်ငံတော်အာဏာကို
ကိုင်တွယ်သုံးစွဲ စီမံခန့်ခွဲ၊ ကိုယ် အတိုက်အခံဘ၀ ကျရောက်သွားတော့လည်း
ကိုယ်အာဏာပြန်ရလာမယ့် အချိန်အတွက် မျှော်မှန်းပြီး အာဏာသုံးရပ်
ကိုင်တွယ်သုံးစွဲမှုဆိုင်ရာ အလေ့အကျင့်တွေကို မပြတ်မလပ် ဆက်လက်
လုပ်ဆောင်နေကြရတာ ဖြစ်တယ်ဗျ။ ဗြိတိန်နိုင်ငံက အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့
လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ဆိုရင် တစ်ပါတီက အာဏာရနေရင် ကျန်ပါတီကလည်း အစိုးရ
ဝန်ကြီးဌာနတွေအတိုင်း သူ့ပါတီထဲမှာ ၀န်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး၊
တာဝန်ခံတွေ ခန့်အပ်ကာ အာဏာရပါတီက ၀န်ကြီးတွေလုပ်သလို နိုင်ငံ့အရေးအရာတွေကို
(shadow cabinet) အဖြစ် လေ့လာသုံးသပ် မူဝါဒတွေ ချမှတ် ဖော်စပ်နေတာ
ဖြစ်တယ်ဗျ။ အင်အားကြီးမားတဲ့ အတိုက်အခံ ပါတီတွေကို သူတို့ဆီမှာ Would-be
next government လို့တောင် မီဒီယာတွေက ဂုဏ်တင်ရေးသား ထုတ်လွှင့်လေ့
ရှိတယ်ဗျ။ အကျိုးဆက်ကတော့ အတိုက်အခံပါတီဟာ ရွေးကောက်ပွဲ အနိုင်ရပြီး
အာဏာရပါတီ ပြန်ဖြစ်သွားတာနဲ့ နိုင်ငံတော်အာဏာ စီမံခန့်ခွဲရေး
လုပ်ငန်းများကို အဆင်သင့် လွယ်လင့်တကူ လွှဲပြောင်းရယူ
လုပ်ဆောင်သွားရုံပေါ့ဗျာ။ (သည်နေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ၁၉၉၀
ရွေးကောက်ပွဲနိုင်ပြီးတော့ အနိုင်ရပါတီ NLD က ထုံးစံအတိုင်း နှစ်လအကြာမှာ
လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ န၀တအစိုးရက ခေါ်မပေးတဲ့အပြင် အခြေခံဥပဒေ
ရေးဆွဲပြီးသည်အထိ သူတို့ပဲ အာဏာကြီးသုံးရပ်ကို ဆက်ယူထားမယ်လို့ ကြေညာတယ်။
သည်အချိန်မှာ NLD ထဲက အစိတ်အပိုင်းတချို့က စိတ်မရှည်တော့ဘဲ
စင်ပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့ကြတော့ အားလုံးသိမ်းကျုံးဖမ်းပြီး
ထောင်နှစ် ၂၀၊ နှစ်အစိတ်တွေ ချခံခဲ့ရသဗျ။ အခြေခံဥပဒေ ရေးဆွဲခဲ့တာကလည်း
ကမ္ဘာမှာ စံချိန်တင်ပြီး ၂၀၀၈ ခုနှစ်ကျမှ ပြီးဆုံးခဲ့တယ်ဗျာ။)
စားဖို့တောင် မစဉ်းစားကောင်းတဲ့ အသီး
အဲဒီကာလတစ်လျှောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲဗျ။ နှစ်ငါးဆယ်လုံးလုံး
စစ်အစိုးရ အဆက်ဆက်ဟာ သူတို့နဲ့ သဘောထား ကွဲလွဲသူတွေကို အမှုန့်ကြိတ်
မပစ်ရုံတမယ် ပြင်းပြင်းထန်ထန် ဖိနှိပ်ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။ ဒီတော့လည်း
အဲဒီကာလအတွင်း စစ်အစိုးရတွေရဲ့ အတိုက်အခံတွေဟာ တစ်နေ့နေ့မှာ
နိုင်ငံတော်အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲရမယ့် သူများအဖြစ်
ကိုယ့်ကိုယ်ကို ရှုမြင်ပြီး လေ့လာဖြည့်ဆည်းဖို့ဝေးစွ၊ ထောက်လှမ်းရေးတွေ
ဘယ်အချိန် လာခေါ်မှာလဲ ဆိုတာကိုပဲ အချိန်ရှိသရွေ့ တွေးပူနေရပြီး
စစ်အစိုးရနဲ့ “ပြေးတမ်း ပြေးတမ်း” (လိုက်တမ်း ပြေးတမ်းမဟုတ်)
ကစားနေခဲ့ကြရတာချည်း ဖြစ်တယ်ဗျ။ နှစ်ငါးဆယ်လောက် အဲသလို
စိုးထိတ်ရင်ဖိုဘ၀မှာ နေလာခဲ့ကြရတော့လည်း နိုင်ငံတော်အာဏာ သုံးရပ်ဆိုတာ
စစ်အစိုးရ အဆက်ဆက်ရဲ့ အတိုက်အခံများအတွက် “စားချင်ပါတယ်လို့တောင်
မစဉ်းစားကောင်းတဲ့အသီး” လို ဖြစ်ခဲ့တာပေါ့ဗျာ။
ခုတော့ အလားအလာတွေ ရှိနေပါပြီ
အခုတော့ အခြေအနေတွေက ပြောင်းလဲစပြုနေပြီ ဖြစ်တယ်ဗျ။ တကယ်လို့
မမျှော်လင့်အပ်တဲ့ မုန်တိုင်းတစ်ခု မတိုက်ဘဲ ဒီအတိုင်း
ကျွန်တော်တို့နိုင်ငံ ရှေ့ကိုမှန်မှန် ဆက်သွားနိုင်ခဲ့မယ်ဆိုရင်
သိပ်မဝေးတဲ့တစ်နေ့မှာ မြန်မာအတိုက်အခံတွေဟာ နိုင်ငံတော်အာဏာသုံးရပ်ကို
ကိုယ်တိုင်ကိုင်တွယ် စီမံခန့်ခွဲနိုင်တော့မယ့် အလားအလာများကို
မြင်တွေ့နေရတယ်ဗျ။ ဒီလိုအချိန်မျိုးမှာ ကိုယ်ဘာလုပ်ကြရမယ် ဆိုတာကို
အဆင့်ဆင့်သော အတိုက်အခံ ခေါင်းဆောင်တွေ သိနေကြလိမ့်မယ်လို့ ကျွန်တော်တော့
ယုံကြည်တယ်ဗျာ။
အမေရိကန်မှာ တွေးခဲ့မိတာလေးတွေ
ကျွန်တော် ၂၀၁၀-၂၀၁၁ က ဖဲလိုးရှစ် အစီအစဉ်တစ်ခုနဲ့ အမေရိကန်နိုင်ငံကို
ရောက်တုန်းတွေးမိတဲ့ အတွေးတစ်ခုအကြောင်း ပြောပြချင်တယ်ဗျ။
ကျွန်တော့်လေ့လာရေး အစီအစဉ်အရ ၀ါရှင်တန်ဒီစီက ကွန်ဂရက်လွှတ်တော်
စာကြည့်တိုက်မှာ အသင်းဝင်ထားရပြီး တစ်ပတ်မှာ နှစ်ရက်လောက် စာသွားသွား
ဖတ်ရတယ်။ ကွန်ဂရက်လွှတ်တော်ရယ်၊ ကွန်ဂရက်စာကြည့်တိုက်ရယ်၊
တရားလွှတ်တော်ချုပ်ရယ် သုံးပွင့်ဆိုင် လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ
တည်ရှိနေတဲ့ အနေအထားကိုကြည့်ပြီး ကျွန်တော် သိပ်သဘောကျခဲ့တယ်။
အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ
ကွန်ဂရက်စာကြည့်တိုက်မှာ အသိပညာ ဗဟုသုတတွေ လေ့လာဆည်းပူး၊ ပြီးတော့
လွှတ်တော်ကို သွားပြီး ဥပဒေတွေပြုကြ၊ အဲဒီ ဥပဒေများနဲ့အညီ မတိမ်းမစောင်း
တရားစီရင်ကြဖို့ အဆင့်ဆင့်သော တရားရုံးများကို လွှတ်တော်ကပဲ ခန့်အပ်ထားတဲ့
တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ထိန်းကျောင်းပေးကြ။ ဒီလိုနဲ့
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့စစ်အင်အား အကြီးဆုံးနိုင်ငံကြီး
အဖြစ်ကို ရောက်ရှိခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးခေါင်းဆောင်
များဟာလည်း အဲသလိုပဲ ပညာဗဟုသုတတွေ ကြွယ်ဝကြ၊ ဥာဏ်ပညာ အမြော်အမြင်တွေ
ကြီးမားကြ၊ နိုင်ငံ့အကျိုးကို ဦးထိပ်ထားပြီး နိုင်ငံ့ရေးရာတွေကို
စုပေါင်းတိုင်ပင် ဆွေးနွေးညှိနှိုင်းကြတဲ့ အခြေအနေကို ဘာကြောင့်
မရောက်နိုင်ရမှာလဲ။ ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ ၀င့်ကြွားထည်ဝါစွာ
ရပ်တည်နိုင်တဲ့ အနေအထားကို ရယူပိုင်ဆိုင်နိုင်မယ့် အဲဒီတစ်နေ့ကို ဘာကြောင့်
မရောက်နိုင်ရမှာလဲဆိုတဲ့ အတွေးကို လေးလေးနက်နက် တွေးမိခဲ့ကြောင်းပါဗျာ။
၂၀ ၀၁ ၂၀၁၃
maungwuntha@gmail.com
[ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၀၊ စာမျက်နှာ ၃]
No comments:
Post a Comment
Note: Only a member of this blog may post a comment.